၁. ၁၁. ၂၀၂၅
Written by Nay Yaung Linn
ရန်ကုန်မြို့တွင် YBS ယာဉ်စီးနင်းသူခရီးသည် နေ့စဉ်တစ်သန်းခွဲခန့်ရှိပြီး ယာဉ်စီးရေ ၅၇၀၀ စီးခန့်ဖြင့် ပို့ဆောင်ပေးနေကြောင်း YRTC ဒုတိယဥက္ကဋ္ဌ ဦးချစ်ကိုကို၏ ပြောကြားချက်အရ သိရသည်။
YRTC ဒုတိယ ဥက္ကဋ္ဌ ဦးချစ်ကိုကိုက “YRTC ကြီးကြပ်ကွပ်ကဲရသည့် ယာဉ်များမှာ ပို့ဆောင်ရေး (မြို့တွင်း)၊ အဝေးပြေး၊ ကုန်စည်၊ တက္ကစီယာဉ်နှင့် (ဃ) လိုင်စင်ယာဉ်များဖြစ်ပြီး၊ ပို့ဆောင်ရေး (မြို့တွင်း) တွင် ကုမွဏီ (၂၁) ခု၊ ယာဉ်မောင်း (၇၅၀၀) ဦးခန့် မောင်းနှင်နေကြောင်း၊ YBS ခရီးသည် ၁ ဒသမ ၅ သန်းခန့်ကို ယာဉ်စီးရေ ၅၇၀၀ ခန့်ဖြင့် နေ့စဉ်ပို့ဆောင်ပေးနေပြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်ကြီးတစ်ခုလုံး၏ ဘေးကင်းလုံခြုံသည့်ခရီးသည်ပို့ဆောင်ရေးအတွက် YRTC ၏ အဓိကရည်မှန်းချက်ကြီးဖြစ်သော “Safe Public Transportation to All” “ဘေးကင်းလုံခြုံပြီး ဝန်ဆောင်မှု ကောင်းသည့် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်” ဖြစ်ထွန်းလာဖို့ အဓိကမောင်းနှင်အားမှာ YBS ယာဉ်မောင်းများဖြစ်ကြောင်း” ပြောကြားခဲ့သည်။
ယာဉ်မောင်းများ အဓိက လိုက်နာရမည့်အချက်မှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ကင်းရှင်းရေးဖြစ်ကြောင်းနှင့် ယာဉ်ပေါ်မှခရီးသည်များ ပြုတ်ကျမသေဆုံးစေရေးနှင့် ထိခိုက်ဒဏ်ရာမရရှိစေရေးအတွက် ယာဉ်မောင်းများကို အနီးကပ် ကြီးကြပ်ကွပ်ကဲရန်မှာ ကြီးကြပ်ရေးမှူး၊ ဂိတ်မှူးများပင်ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ထို့ပြင် YBS ယာဉ်မောင်းများအနေဖြင့် ယာဉ်အားမောင်းနှင်ရာတွင် YRTC မှ ထုတ်ပေးထားသည့် ယာဉ်မောင်း Smart Card၊ ယာဉ်မောင်းလိုင်စင် ပါရှိရမည်ဖြစ်ပြီး ကြီးကြပ်ကွပ်ကဲရန်မှာ ကြီးကြပ်ရေးမှူး၊ ဂိတ်မှူးများပင်ဖြစ်သဖြင့် စည်းမျဉ်းစည်းကမ်းနှင့်အညီ စီမံကြီးကြပ်ရေးမွမ်းမံသင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း၊ YBS ယာဉ်များ နံနက်ဂိတ်မှ စတင် ထွက်ခွာမည်ဆိုပါက WayBill နှင့် ယာဉ်မောင်းကတ် ပါ/မပါ နှင့် CCTV ဖွင့်/မဖွင့်၊ YPS ကတ်ဖြတ်သည့် POS စက် ကောင်း/မကောင်း နှင့် Telematic Device ကောင်း၊ မကောင်း၊ ယာဉ်မောင်းမှ ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါး သုံးစွဲမှုရှိ/မရှိ တို့အား စစ်ဆေးရန်မှာ ဂိတ်မှူး၊ ကြီးကြပ်ရေးမှူးများ တာဝန်ပင်ဖြစ်ကြောင်း ပြောကြားသည်။




