သတိုး
၃၁. ၁၀. ၂၀၂၅
မြန်မာ့ကမ်းလွန်ပင်လယ်ပြင်လုပ်ကွက်တွင် တူးဖော်မည့် CFG ကုမ္ပဏီက မြန်မာနိုင်ငံကို ‘နောက်ထပ် ဂိုင်ယာနာ’ အဖြစ် မျှော်မှန်းထားသလို လာမည့်နှစ်တွင် စတင်မည့် တူးဖော်ရေးစီမံကိန်းက ကပ္ပလီပင်လယ် (Andaman Sea) ပြင်မှ ချမ်းသာကြွယ်ဝမှုများကို ထုတ်ဖော်ပေးလိမ့်မည်ဟု CFG ဥက္ကဋ္ဌ Songning Shen က မျှော်လင့်နေကြောင်း ရေနံနှင့် သဘာ၀ဓာတ်ငွေ့သတင်းများကို ခိုင်ခိုင်မာမာဖော်ပြနေသည့် Upstream Online သတင်းဌာန အောက်တိုဘာ ၃၁ ရက်တွင် သတင်းဖော်ပြလာသည်။
စင်ကာပူနိုင်ငံအခြေစိုက် CFG ကုမ္ပဏီသည် လာမည့်လတွင် မြန်မာနိုင်ငံ၏ ကမ်းလွန်ပင်လယ်ပြင် ရေနက်ပိုင်း တူးဖော်ရေးတွင်း သုံးတွင်း တူးဖော်ရန်အတွက် စာချုပ်ချုပ်ဆိုမည်ဖြစ်သည်။ ဤလုပ်ငန်းသည် အရှေ့တောင်အာရှနိုင်ငံတစ်ခုဖြစ်သည့် မြန်မာနိုင်ငံတွင် နိုင်ငံတကာလုပ်ငန်းရှင်တစ်ဦးက ရှားရှားပါးပါး စတင်မည့် တူးဖော်ရေးလုပ်ငန်းအဖြစ် မှတ်သားလောက်ဖွယ်ရာ ဖြစ်သည်ဟုလည်း Upstream Online သတင်းဌာနက ဖော်ပြထားသည်။

ဂိုင်ယာနာသည် မကြာသေးမီနှစ်များအတွင်း ရေနက်ပိုင်း၌ ရေနံသိုက်ကြီးများ တွေ့ရှိခဲ့ပြီး ကမ္ဘာ့ရေနံဈေးကွက်တွင် အရေးပါလာသော နိုင်ငံတစ်ခုဖြစ်ရာ”နောက်ထပ် ဂိုင်ယာနာ” ဆိုသည်မှာ အလားအလာကောင်းများရှိပြီး အောင်မြင်မှုကြီးကြီးမားမား ရရှိနိုင်သော နေရာသစ်အဖြစ် မြန်မာနိုင်ငံကို CFG ဥက္ကဋ္ဌက ရည်ညွှန်းလာခြင်းဖြစ်သည်။
CFG သည် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံး ကမ်းလွန်လုပ်ကွက်များ တင်ဒါခေါ်ယူမှုမှ တစ်ဆင့် တနင်္သာရီကမ်းလွန်ဒေသမှ M-15 လုပ်ကွက်ကို ရရှိခဲ့ပြီး ၂၀၁၅ ခုနှစ်၊ မတ်လတွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် ထုတ်လုပ်မှု ခွဲဝေရေး စာချုပ် (Production Sharing Contract – PSC) ကို လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါ လုပ်ကွက်တွင် CFG က ရှယ်ယာ ၈၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး အော်ပရေတာ (Operator) အဖြစ် လုပ်ငန်းများကို ဦးဆောင်လုပ်ကိုင်နေကာ အဆိုပါ လုပ်ကွက်တွင်ပင် ရေနက်ပိုင်း တူးဖော်ရေးတွင်း သုံးတွင်း တူးဖော်ရန် စာချုပ် ချုပ်ဆိုပြီး သဘာ၀ဓာတ်ငွေ့အမြောက်အများကို စီးပွားဖြစ် ထုတ်ယူနိုင်ရန် Songning Shen က မျှော်လင့်နေခြင်းလည်းဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၂ ရက်က ၂၀၂၅ ခုနှစ် စွမ်းအင်အသွင်ကူးပြောင်းရေး အပြည်ပြည်ဆိုင်ရာဖိုရမ် တက်ရောက်ရန်နှင့် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များဆောင်ရွက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ရောက်ရှိနေသည့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲသည် ယမန်နေ့နံနက်ပိုင်းတွင် ပေကျင်းမြိုရှိ နိုင်ငံပိုင် China National Oil & Gas Exploration and Development Corporation (CNODC) ဧည့်ခန်းမဆောင်၌ CNODC ဥက္ကဋ္ဌ ဦးဆောင်သောအဖွဲနှင့် တွေ့ဆုံခဲ့သည်။ ထို့သို့ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ အလားအလာကောင်းမွန်သော ကမ်းလွန်လုပ်ကွက်များတွင် နှစ်ဖက်အကျိုးတူပူးပေါင်း၍ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ် ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ ကမ်းလွန် စီမံကိန်းများနှင့်စပ်လျဉ်း၍ စီမံခန့်ခွဲမှု၊ စီးပွားရေးနှင့် ဥပဒေရေးရာကဏ္ဍများတွင် သင်တန်းများစေလွှတ်၍ သင်ယူလေ့လာရေး၊ နှစ်ဖက်နီးကပ်စွာ ထိတွေ့ဆက်ဆံနိုင်ရေးအတွက် Working Group များ အပြန်အလှန်စေလွှတ်ရေး၊ မြန်မာ့စွမ်းအင်ကဏ္ဍတွင် လိုအပ်လျက်ရှိသည့် လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးလာစေရေးအတွက် လိုအပ်သည့်အကူအညီဖြည့်ဆည်းပေးနိုင်ရေးတိုနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။ ထို့နောက် Canadian Foresight Group (CFG) နှင့် China Oilfield Services Limited (COSL) တို၏ ဥက္ကဋ္ဌများ ဦးဆောင်သောအဖွဲနှင့် တွေ့ဆုံပြီး နှစ်ဖက် အလားအလာကောင်းမွန်သော ကမ်းလွန်လုပ်ကွက်တွင် တူးဖော်ရေးဆိုင်ရာကိစ္စရပ်များ အမြန်ဆုံးစတင်ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြအပြီးတွင် CFG ဥက္ကဋ္ဌ Songning Shen က မြန်မာ့ကမ်းလွန်ပင်လယ်ပြင်လုပ်ကွက်ကို’နောက်ထပ် ဂိုင်ယာနာ’ အဖြစ် မျှော်မှန်းထားကြောင်းနှင့် လာမည့်နှစ်တွင် စတင်မည့် တူးဖော်ရေးစီမံကိန်းက ကပ္ပလီပင်လယ်ပြင်မှ ကြွယ်ဝမှုများကို ထုတ်ဖော်ပေးလိမ့်မည်ဟု မျှော်လင့်နေကြောင်း ပြောကြားမှု ယနေ့တွင် ပေါ်ထွက်လာခြင်းဖြစ်သည်။
