MT News
၃၀. ၁၀. ၂၀၂၅
ပင်လောင်းနှင့် ပြည်ကြီးတံခွန်မြို့နယ်တို့တွင် ငွေကျပ် ၁ ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ယခုည သတင်းထုတ်ပြန်သည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၂၃ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် သတင်းအရ ပင်လောင်းမြို့နယ်၊ လိန်းလီကျေးရွာအနီးတွင် ရှိုင်းဗိုလ်(ခ)ငမော့ မောင်းနှင်လာသော DONGFENG မော်တော်ယာဉ်ပေါ်မှ ဘိန်းဆီခဲ ၇၄ ကီလို၊ စိတ်ပြောင်းဆေးဝါး များဖြစ်သည့် HAPPY WATER ၉ ကီလို၊ အက်တက်စီဆေးပြား ၁,၀၀၀ ပြား၊ ကက်တမင်း ၁၁ ဒသမ ၂ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၁၄ သိန်းတို့အား ဖမ်းဆီးရမိခဲ့သည်။

သတင်းကွင်းဆက်အရ အောက်တိုဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန် ပြည်ကြီးတံခွန်မြို့နယ်၊ (ည)ရပ်ကွက်၊ ၅၅ x ၅၆ လမ်းကြားနှင့် ၁၄၁ x ၁၄၂ လမ်းကြားတွင် ဇင်ဖြိုးဦး(ခ)ကိုဖြိုး အား NISSAN ၁၂ ဘီးမော်တော်ယာဉ်ပေါ်မှ ဘိန်းဖြူ ၆ ဒသမ ၁၇ ကီလို၊ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် HAPPY WATER ၇၇၅ ဂရမ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း ဘိန်းဖြူ ၆ ဒသမ ၁၇ ကီလို (၎င်းဒေသတန်ဖိုးငွေကျပ် ၁,၅၄၂ ဒသမ ၅ သိန်း)၊ ဘိန်းဆီခဲ ၇၄ ကီလို(၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၁,၄၈၀)၊ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် HAPPY WATER ၉ ဒသမ ၇၇၅ ကီလို(၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၆,၃၃၀)၊ အက်တက်စီဆေးပြား ၁,၀၀၀ ပြား(၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၄၅၀)၊ ကက်တမင်း ၁၁ ဒသမ ၂ ကီလို(၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၁,၁၂၀)၊ စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၁၄ သိန်း(၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၅၇၀)၊ (စုစုပေါင်းတန်ဖိုးငွေကျပ် ၁ ဒသမ ၁၄၉၂၅ ဘီလျံ)ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးပေါ်ပေါက်ချက်များအရ ဖမ်းဆီးရမိ မော်တော်ယာဉ် ၂ စီး၏ပိုင်ရှင် ရဲစိုးဦး(ခ)ရဲနိုင်(ဖမ်းဆီးရန်ကျန်) သည် မိုင်းရယ်မြို့မှ မူးယစ်ဆေးဝါးနှင့် စိတ်ပြောင်းဆေးဝါးများအား ကရင်ပြည်နယ်၊ ဘားအံမြို့သို့လည်းကောင်း၊ မန္တလေးမြို့သို့လည်းကောင်း၊ ဘုတလင်မြို့နယ်နေ ရာဇာလင်း(ခ)မော်စီ(ဖမ်းဆီးရန်ကျန်)နှင့် ရှိုင်းဗိုလ်(ခ)ငမော့ တို့အား သယ်ဆောင်ခိုင်းခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီးကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
