၃၀. ၁၀. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ၊ စူရတ်ဌာနီပြည်နယ်ရှိ ကော့ဟ်ဖငန်ကျွန်း၏ခရီးသွားရဲတပ်ဖွဲ့သည် နိုင်ငံခြားသားများက တရားမဝင် လုပ်ကိုင်နေသည်ဟု စွပ်စွဲခံရသော ဧည့်ဂေဟာ (Hostel) တစ်ခုကို ဝင်ရောက်စီးနင်းပြီးနောက် လူကိုးဦးကို ဖမ်းဆီးလိုက်သည်ဟု Bangkok Post က ယနေ့ အောက်တိုဘာ ၃၀ ရက်တွင် သတင်းဖော်ပြသည်။
ယင်းလုပ်ငန်းသည် ဒေသခံများကို အနှောင့်အယှက်ပေးခြင်းနှင့် စပိန်ခရီးသွားများအတွက်သာ သီးသန့် ဝန်ဆောင်မှုပေးခြင်းတို့အတွက် တိုင်ကြားမှုများကြောင့် စီးနင်းခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်တွင် ကော့ဟ်ဖငန်ခရီးသွားရဲတပ်ဖွဲ့၊ ဒေသခံအုပ်ချုပ်ရေးအဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေး အရာရှိများသည် စူရတ်ဌာနီပြည်နယ်ရှိ ခရီးသွားကျွန်းဖြစ်သော ကော့ဟ်ဖငန်ကျွန်း၊ မူး (၁) တွင် တည်ရှိသည့် “The 10 Club Hostel” ကို ပြီးခဲ့သည့် အင်္ဂါနေ့ နေ့လယ်ပိုင်းက ဝင်ရောက်စစ်ဆေးခဲ့သည်ဟု သိရသည်။
အာဏာပိုင်များ၏ ပြောကြားချက်အရ ၎င်းတို့သည် နိုင်ငံခြားသားများက အလုပ်လုပ်ခွင့် ပါမစ်မရှိဘဲ အလုပ်လုပ်ခြင်းနှင့် ထိုင်းနိုင်ငံသားများကို အမည်ခံခိုင်းပြီး စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေကြောင်း သတင်းများရရှိခဲ့ခြင်းကြောင့် စီးနင်းဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
အဆိုပါ Hostel ကို တိုင်ကြားချက်များတွင် အများပြည်သူ အနှောင့်အယှက် ဖြစ်စေခြင်း၊ အရက်သေစာ သောက်စား မူးယစ်သော အပြုအမူများ ပြုလုပ်ခွင့်ပြုထားခြင်း၊ စပိန်နိုင်ငံသားများကိုသာ သီးသန့် လက်ခံခြင်း စသည့် စွပ်စွဲချက်များလည်း ပါဝင်သည်။

ထိုင်းအာဏာပိုင်များက “The 10 Club Hostel” ကို စီးနင်းမှုအတွင်း သံသယရှိသူ ကိုးဦးကို ဖမ်းဆီးခဲ့ရာတွင် ထိုင်းနိုင်ငံသား ၁ ဦး၊ စပိန်နိုင်ငံသား ၃ ဦးနှင့် မြန်မာနိုင်ငံသား ၅ ဦးတို့ ပါဝင် ထိန်းသိမ်းခဲ့သည်။ ၎င်းတို့အားလုံးကို ဥပဒေအရ ခွင့်ပြုထားသော အခွင့်အရေးများထက် ကျော်လွန်၍ အလုပ်လုပ်ကိုင်မှုဖြင့် စွဲချက်တင်ကာ တရားစွဲဆိုရန်အတွက် ကော့ဟ်ဖငန်ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့သည်။
ယခုကဲ့သို့ နှိမ်နင်းမှုသည် ထိုင်းနိုင်ငံတွင် နေထိုင်သည့် နိုင်ငံခြားသားများ လုပ်ကိုင်နေသော တရားမဝင် လုပ်ငန်းများ၊ အမည်ခံရင်းနှီးမြှုပ်နှံမှုများနှင့် မသင့်လျော်သော အပြုအမူများကို ဖယ်ရှားရန်အတွက် ချမှတ်ထားသော ကျယ်ပြန့်သည့် မူဝါဒ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ ထို့အပြင် ထိုကဲ့သို့ လုပ်ဆောင်မှုများသည် နိုင်ငံ၏ပုံရိပ်ကို ထိခိုက်စေပြီး နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ နှင့်ပင် ဆက်စပ်နိုင်ကြောင်းလည်း သတိပေးခဲ့သည်။
ထို့အပြင် ဒေသခံ ခရီးသွားရဲတပ်ဖွဲ့၏ တပ်ဖွဲ့မှူးက အရေးကြီးသော ခရီးသွားနေရာများရှိ ရဲစခန်းများကို ဥပဒေဖောက်ဖျက်သည့် နိုင်ငံခြားသားများအပေါ် ပိုမိုပြင်းထန်စွာ အရေးယူရန် အမိန့်ပေးထားပြီး၊ ဧည့်သည်များကြား ဘေးကင်းမှုနှင့် ယုံကြည်စိတ်ချရမှုတို့ကို ထိန်းသိမ်းထားနိုင်ရန် မည်သည့် နိုင်ငံသားကိုမဆို ခွဲခြားမှုမရှိဘဲ တင်းကျပ်စွာ ဥပဒေအရ အရေးယူမည်ဟု ကတိပြုခဲ့သည်။
Ref, Bangkok Post
