၃၀.၁၀.၂၀၂၅
Translated by Htwe Ko Tun
ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေရိုမြို့မှာ ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးဂိုဏ်းတစ်ခုကို အောက်တိုဘာလ ၂၈ ရက်က ဝင်ရောက်စီးနင်းတိုက်ခိုက်မှုတစ်ရပ် ပြုအပြီးမှာတော့ ရဲအရာရှိလေးဦးအပါအဝင် လူ ၆၄ ဦးသေဆုံးခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာအပြီး လူအများအပြားသေဆုံးရမှုအတွက် ဒီစီးနင်းတိုက်ခိုက်မှုကို ဝေဖန်မှုတွေရှိခဲ့ပါတယ်။
ဒီအချိန်မှာပဲ တစ်ရက်အကြာ အောက်တိုဘာလ ၂၉ ရက်မှာတော့ အာဏာပိုင်တွေက ဘရာဇီးနိုင်ငံသမိုင်းမှာ အသေအပျောက် အများဆုံးလည်းဖြစ်တဲ့ ဒီစီးနင်းတိုက်ခိုက်မှုမှာ စုစုပေါင်းလူ ၁၂၁ ဦးသေဆုံးတယ်လို့ ပြောခဲ့ကြပါတယ်။ ဒါပေမယ့် ရှေ့နေတွေကတော့ သေဆုံးသူအရေအတွက်က အနည်းဆုံး ၁၃၂ ဦးအထိတောင် ရှိလာပြီလို့ ပြောခဲ့ပါတယ်။ ဒီမှာ ရီယိုဒီဂျနေရိုမြို့ရဲ့ လမ်းတစ်လမ်းပေါ်မှာတော့ မြို့နေပြည်သူတွေက သေဆုံးသူတွေရဲ့အလောင်းတွေကို အောက်တိုဘာလ ၂၈ ရက်က ညလုံးပေါက်စီတန်းနေခဲ့ကြတာကို တွေ့ခဲ့ကြရပါတယ်။

ပြည်နယ်ရဲတပ်ဖွဲ့က အဓိက မူးယစ်ဆေးဝါးဂိုဏ်းတစ်ခုကို ပစ်မှတ်ထားတဲ့ စီးနင်းမှုတွေကို နှစ်လ ကျော်ကြာ စေ့စပ်သေချာစွာ စီစဉ်ထားပြီးဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့က သံသယရှိရသူတွေကို အထူးစစ်ဆင်ရေးတပ်ဖွဲ့တစ်ခုက ချုံခိုတိုက်ခိုက်ဖို့ စောင့်ဆိုင်းနေတဲ့ တောင်စောင်းတစ်ခုထဲကို မောင်းထုတ်ဖို့ ရည်ရွယ်ပြီး စီးနင်းမှုကိုပြုလုပ်ခဲ့တာလို့ ပြောပါတယ်။
စီးနင်းတိုက်ခိုက်မှု အပြီးမှာတော့ ရီယိုဒီဂျနေရိုမြို့ရဲ့ ပန်ဟာ ရပ်ကွက်မှ ဒေသခံတွေဟာ တစ်ညလုံး ပတ်ဝန်းကျင်တောအုပ်မှ အလောင်းများစွာကို စုဆောင်းရှာဖွေခဲ့ကြပြီး မြို့ရဲ့အဓိကလမ်းမကြီးတစ်ခုအလယ်မှာ သေဆုံးသူတွေရဲ့ အလောင်း ၇၀ ကျော်ကို စီတန်းထားခဲ့ကြတာပါ။

သေဆုံးသူတစ်ဦးရဲ့ မိခင်ဖြစ်တဲ့ တာအူယာ ဘရီတိုက “ကျွန်မသားကို ဒီကနေခေါ်သွားပြီး မြှုပ်နှံချင်တယ်” လို့ ငိုကြွေးပြောကြားခဲ့ပြီး အလောင်းတန်းရှည်ကြီးရဲ့ တစ်ဖက်တစ်ချက်မှာတော့ ငိုကြွေးနေသော ဝမ်းနည်းပူဆွေးသူတွေနဲ့ ကြည့်ရှုသူတွေ ဝန်းရံထားပြီး အလောင်းတချို့ကိုတော့ အိပ်ယာခင်းတွေ ဒါမှမဟုတ် အိတ်တွေနဲ့ ဖုံးအုပ်ထားပါတယ်။
အောက်တိုဘာလ ၂၉ ရက် မွန်းလွဲပိုင်းမှာတော့မြို့တော်ဝန်ရဲ့ နန်းတော်အပြင်ဘက်မှာ မော်တော် ဆိုင်ကယ်ယာဉ်တန်းတစ်ခုက ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်မှုကို ကန့်ကွက်ဖို့ ရပ်ကွက်မှ ထွက်ခွာသွားခဲ့ပါတယ်။ ဆန္ဒပြသူတွေက အနီရောင်လက်ဖဝါးများစွာနဲ့ စွန်းထင်းနေတဲ့ ဘရာဇီးအလံတွေကို ကိုင်ဆောင် ဝှေ့ယမ်းနေကြပါတယ်။
ဒီမတိုင်မီ ရီယိုဒီဂျနေရိုမြို့မှာ အဆိုးရွားဆုံး မူးယစ်ဆေးဝါးဂိုဏ်းကို ဝင်ရောက်စီးနင်းမှုက ၂၀၂၁ ခုနှစ်က ဂျာကာရီဇင်ဟိုရပ်ကွက်မှာဖြစ်ခဲ့ပြီး လူ ၂၈ ဦး သေဆုံးခဲ့ရပါတယ်။
Ref , Kathmandu Post
