၂၇.၁၀.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ရေတပ်က ရဟတ်ယာဉ်တစ်စီးနဲ့ ဂျက်တိုက်လေယာဉ်တစ်စီးတို့ဟာ အောက်တိုဘာလ ၂၆ ရက် တစ်နေ့တည်းမှာပဲ လေ့ကျင့်မှုတွေပြုလုပ်နေကြတုန်းမှာ တောင်တရုတ်ပင်လယ်အတွင်း ပျက်ကျမှုတွေ ဖြစ်ပွားခဲ့ရတယ်လို့ သိရပါတယ်။

ပထမဖြစ်ရပ်မှာ MH-60R Sea Hawk ရဟတ်ယာဉ်တစ်စီးဟာ လေယာဉ်တင်သင်္ဘောကြီးဖြစ်တဲ့ ယူအက်စ်အက်စ် နီမစ်ဇ်ကနေ ပျံတက်ပြီး ပုံမှန်စစ်ဆင်ရေးလေ့ကျင့်ခန်းတွေ ပြုလုပ်နေတုန်းမှာ တောင်တရုတ်ပင်လယ်ရေပြင်အတွင်း ပျက်ကျခဲ့ရတာပါ။ ရဟတ်ယာဉ်ပေါ်ပါ သုံးဦးစလုံးကိုတော့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်ရေတပ်ရဲ့ ပြောကြားချက်အရ ရဟတ်ယာဉ်ပျက်ကျပြီး နာရီဝက်လောက်အကြာမှာပဲ ယူအက်စ်အက်စ်နီမစ်ဇ် လေယာဉ်တင် သင်္ဘောကြီးကပဲဖြစ်တဲ့ Boeing F/A-18F Duper Hornet ဂျက်တိုက်လေယာဉ်တစ်စီးဟာလည်း ပုံမှန်လေ့ကျင့်ပျံသန်းနေတုန်းမှာ တောင်တရုတ်ပင်လယ်အတွင်း ပျက်ကျခဲ့ရပြန်ပါတယ်။
ထိုဖြစ်ရပ်မှာလည်း လေယာဉ်မှူးနှစ်ဦးစလုံးက လေယာဉ်ပျက်ကျစဉ် ခုန်ထွက်နိုင်ခဲ့ကြပြီး သူတို့ကို ဘေးကင်းစွာနဲ့ ပြန်လည်ကယ်ဆယ်နိုင်ခဲ့တယ်လို့သိရပါတယ်။
အမေရိကန်ရေတပ်ကတော့ လေယာဉ်ပျက်ကျမှုတွေမှာ ကယ်ဆယ်နိုင်ခဲ့တဲ့ လေယာဉ်အမှုထမ်းတွေ အားလုံး ပုံမှန်တည်ငြိမ်တဲ့အခြေအနေရှိကြတယ်လို့ ကြေညာခဲ့ပါတယ်။ လေယာဉ်ပျက်မှုနှစ်ခုစလုံးရဲ့ အကြောင်းရင်းကိုလည်း စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
ဒီလေယာဉ်ပျက်ကျမှုတွေက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သူ့ရဲ့ ဒုတိယမြောက်သမ္မတသက်တမ်းအတွင်း အာရှတိုက်ကို ဒုတိယမြောက်ခရီးစဉ်အဖြစ် လာရောက်နေတုန်းမှာ ဖြစ်ပျက်ခဲ့တာပါ။
၂၀၂၅ ခုနှစ်အစောပိုင်းကလည်း ယူအက်စ်အက်စ် ဟယ်ရီ ထရူးမင်း လေယာဉ်တင်သင်္ဘောကြီးပေါ်က စစ်လေယာဉ်နှစ်စီးဟာ လေ့ကျင့်ပျံသန်းနေစဉ် အရှေ့အလယ်ပိုင်းဒေသအတွင်းမှာ ပျက်ကျခဲ့ပါသေးတယ်။
Ref- Jakarta Post
