၂၇ .၁၀.၂၀၂၅
Written by Hey Mar
မန္တလေးမှာ သက်ကြီးပိုင်းအရွယ် အမျိုးသမီးကြီးတစ်ဦးနဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးတို့ ဦးခေါင်းထုနှက်ခံရတဲ့ဒဏ်ရာတွေရရှိကာ တစ်ဦးသေဆုံးပြီး တစ်ဦးဆေးရုံတင်ပို့ ကုသနေရတဲ့ဖြစ်စဉ် မနေ့က အောက်တိုဘာ ၂၆ ရက်နေ့ မနက်ပိုင်းက အခင်းဖြစ်နေရပ်ဆီ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ ချမ်းမြသစ္စာလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၂)ရပ်ကွက်၊ ၇၀ (B) လမ်း၊ ၁၀၇ (A) နဲ့ ၁၀၈ လမ်းကြားမှာ ရှိတဲ့ နေအိမ်တစ်အိမ်မှာဖြစ်ပွားခဲ့ပြီး သေဆုံးသူက အသက်(၈၄)အရွယ် အဘွားအိုဖြစ်ကာ ပြင်းထန်ဒဏ်ရာရရှိသူမှာ အသက် လေးဆယ်ဝန်းကျင်အရွယ် အဆိုပါအဘွားရဲ့ သမီးတော်စပ်သူလို့ သိရပါတယ်။

“ဖြစ်တဲ့အချိန်ကို ဒဏ်ရာရသူ အမျိုးသမီးရဲ့ အိမ်သားပြောတာက ၂၄ ရက်နေ့ ည ၇ နာရီလောက်အထိ ဖုန်းအဆက်အသွယ်ရသေးတယ်။ ၇ နာရီခွဲလောက် ထပ်ခေါ်တော့ ဖုန်းမကိုင်ကြဘူး။ အဆက်အသွယ်မရဘူး ပြောတယ်။ ဖြစ်စဉ်တော့ ဘာဖြစ်တယ် သေချာမသိပါဘူး။ သူတို့တွေကို တာဝန်ရှိသူတွေ တွေ့တာက ၂၆ ရက်နေ့ မနက်အစောပိုင်းကမှတွေ့တာ အဲ့ဒါကို သက်လတ်ပိုင်းအမျိုးသမီးက အသက်ရှင်နေသေးတာ။ သူ့မှာ ထုခံထားရတာက ဦးခေါင်းခွံကွဲပြီး ဦးနှောက်တော့ တစ်စ နှစ်စ ထွက်နေတာ” လို့ ချမ်းမြသစ္စာ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
အခင်းဖြစ်စဉ်ကို သက်ဆိုင်ရာတာဝန်ရှိသူတွေ စစ်ဆေးရာ သက်ကြီးပိုင်းအမျိုးသမီးကြီးက မြေညီထပ်ဧည့်ခန်းက ထိုင်ခုံပေါ်မှာ ထိုင်လျက်အနေအထားနဲ့ ဦးခေါင်းထုရိုက်ခံထားရပြီး ဦးခေါင်းပေါက်ပြဲဒဏ်ရာတွေနဲ့ သွေးထွက်လွန်သေဆုံးခဲ့ကာ သက်ပိုင်းအရွယ်အမျိုးသမီးက ဧည့်ခန်းက ကုတင်ပေါ်မှာ ဦးခေါင်းထိပ်ပေါက်ပြဲစုတ်ပြဲဒဏ်ရာ (၁)ချက်၊ ဝဲနားထင်စုတ်ပြဲဒဏ်ရာ(၁)ချက်နဲ့ ဝဲချိုစောင်းနောက် ပေါက်ပြဲဒဏ်ရာ (၁)ချက်(စိုးရိမ်ရ) ရရှိခဲ့တာလို့ သိရပါတယ်။
သေဆုံးသူနဲ့ ဒဏ်ရာရရှိသူကို ချမ်းမြသစ္စာလူမှုကူညီရေးအသင်းယာဉ်နဲ့ မန္တလေးဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပြီး ဖြစ်စဉ်နဲ့ပတ်သက်လို့ တရာစခံဖမ်းဆီးရမိရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရပါတယ်။
