နေမိုး
၂၇. ၁၀. ၂၀၂၅
အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ဖြစ်သော TNLA နှင့် PDF ထောင်ထားသည့် မိုင်းကို ဆိုင်ကယ်ဖြင့် တိုက်မိရာက ၁၅ နှစ်အရွယ်သမီးငယ်တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရမှု ကျောက်မဲမြို့နယ်တွင် ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၂၅ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ ချောင်းတန်းကျေးရွာနေ ဦးအောင်ပန်း(၅၃)နှစ်သည် ပါပုတ်ကျေးရွာနေ မချယ်ရီ(၁၅)နှစ်နှင့်အတူ ငါးမိုင်ကျေးရွာရှိ တောင်ယာခင်းသို့ သွားရောက်ရန် ကျောက်မဲ-မိုင်းငေါ့သွား ကားလမ်းအတိုင်း ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် တောင်ယာခင်းအနီးအရောက် TNLA အကြမ်းဖက်အဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား တိုက်မိပေါက်ကွဲခဲ့မှုကြောင့် မချယ်ရီတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးအောင်ပန်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ကျောက်မဲမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ယာယီပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။


ထို့အတူ အောက်တိုဘာ ၂၄ ရက် မွန်းလွဲ ၃ နာရီ ၅ မိနစ်ကလည်း မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ထန်းတပင်ကျေးရွာနေ ဦးလှသန်း(၆၂)နှစ်သည် ၎င်း၏ နေအိမ်မှ ကျေးရွာတောင်ဘက် တစ်မိုင်ခန့်အကွာရှိ ပေါက်ချောင်းအနီး ဝါးတော၌ ဝါးခုတ်နေစဉ် PDF များ ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဒဏ်ရာရရှိသူအား ဆေးကုသနိုင်ရေး ပေါက်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
