၂၇. ၁၀. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကို “အားလုံးပါဝင်သော၊ လွတ်လပ်သော၊ တရားမျှတမှုနှင့် ပွင့်လင်းမြင်သာသော” ရွေးကောက်ပွဲအဖြစ် ထောက်ခံကြောင်း ထပ်လောင်းပြောကြားခဲ့ပြီး ယင်းလုပ်ငန်းစဉ်သည် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အထောက်အကူပြုရမည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
တနင်္ဂနွေနေ့တွင် ကျင်းပသည့် (၄၇) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး၏ ပထမနေ့အပြီး ပြောကြားရာတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နီကွန်ဒက်ဂျ် ဘလန်ကူရာက လာမည့်ရွေးကောက်ပွဲသည် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အခြေခံအုတ်မြစ်တစ်ခုဖြစ်သင့်ကြောင်း ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ၏ အိမ်နီးချင်း မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာထိန်းသိမ်းမှုနောက်ပိုင်း ပြည်တွင်း နေရာအနှံ့ စစ်ဖြစ်ပွားနေခဲ့သလို လက်ရှိအာဏာရအစိုးရသည် ယခု ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပရန် စီစဉ်နေသည်။
နီကွန်ဒက်ဂျ် ဘလန်ကူရာက၏ အကျဉ်းချုပ်ပြောကြားချက်တွင် စနေနေ့က အာဆီယံဥက္ကဋ္ဌ မလေးရှားနှင့် တနင်္ဂနွေနေ့တွင်ကျင်းပသော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး (AMM) ဦးဆောင်မှုအောက်တွင် ကျင်းပခဲ့သည့် “မြန်မာနိုင်ငံဆိုင်ရာ အလွတ်သဘော ဆွေးနွေးပွဲ” ကို မီးမောင်းထိုးပြခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမှလွဲ၍ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး ပါဝင်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ပါဝင်သူများသည် အာဆီယံမူငါးချက်ကို ရှေ့ရှုဆောင်ရွက်ရန်နှင့် အားလုံးပါဝင်သော ဆွေးနွေးမှုတစ်ရပ်ကို မြှင့်တင်ရန်အတွက် ၎င်းတို့၏ ကတိကဝတ်များကို ထပ်လောင်းအတည်ပြုခဲ့ကြပြီး မြန်မာနိုင်ငံ၏ အထွေထွေ ရွေးကောက်ပွဲနှင့် ပတ်သက်၍ အာဆီယံ၏ စုပေါင်းရပ်တည်ချက်ကို ဆွေးနွေးခဲ့ကြသည်ဟု ပြောကြားခဲ့သည်။
“ပါဝင်သူအများအပြားက ထိုင်းနိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးမှာ ယုံကြည်မှုတည်ဆောက်မှုတစ်ရပ်အနေနဲ့နဲ့ အားလုံးပါဝင်တဲ့ ဆွေးနွေးရေးဆီ ဦးတည်တဲ့ လမ်းကြောင်းတစ်ခုအနေနဲ့ တည်ဆောက်ရေးဆိုင်ရာ အခန်းကဏ္ဍကို အသိအမှတ်ပြုခဲ့ကြပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
အစည်းအဝေးများက မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်၏ ထိရောက်မှုကို အားဖြည့်ရေးကိုလည်း ဆွေးနွေးခဲ့ကြပြီး အဖွဲ့ဝင်အချို့က ပိုမိုသိသာထင်ရှားသည့် တိုးတက်မှုများရရှိစေရန်အတွက် အထူးကိုယ်စားလှယ်၏ တာဝန်သက်တမ်းကို တစ်နှစ်ထက်ကျော်လွန်၍ တိုးချဲ့ပေးရန် ထောက်ခံခဲ့ကြသည်ဟု ၎င်းက ဆိုသည်။
တစ်ချိန်တည်းမှာပင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအတွင်း အာဆီယံအဖွဲ့ဝင်များသည် မြန်မာနိုင်ငံအရေး အကျပ်အတည်းကို ဖြေရှင်းရန်အတွက် အဓိကမူဘောင်အဖြစ် အာဆီယံမူငါးချက်ကို ထိန်းသိမ်းရန် ၎င်းတို့၏ စုပေါင်းဆုံးဖြတ်ချက်ကို ထပ်လောင်းအတည်ပြုခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
၂၀၂၁ ခုနှစ်တွင် အတည်ပြုခဲ့သော အာဆီယံမူငါးချက်၌ အကြမ်းဖက်မှုများကို ချက်ချင်းရပ်စဲရန်၊ စိုးရိမ်ပူပန်မှုရှိသည့် သက်ဆိုင်သူအားလုံးအကြား အပြုသဘောဆောင်သော ဆွေးနွေးမှု၊ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်မှ စေ့စပ်ညှိနှိုင်းမှုများ အဆင်ပြေချောမွေ့စေရန်၊ အာဆီယံ၏ AHA စင်တာမှ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရန်နှင့် သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံရန် အထူးကိုယ်စားလှယ် လာရောက်ခွင့်ပြုရန် တောင်းဆိုခဲ့သည်။
ရွေးကောက်ပွဲ ပွင့်လင်းမြင်သာမှုနှင့် ပတ်သက်၍ မြန်မာအစိုးရက ဖိတ်ကြားလာပါက အာဆီယံ လေ့လာသူများ စေလွှတ်ပေးရန် ထိုင်းနိုင်ငံက ထောက်ခံကြောင်းလည်း နီကွန်ဒက်ဂျ် ဘလန်ကူရာက ပြောကြားခဲ့သည်။ သို့သော် ယနေ့ထုတ်ပြန်သည်ဆုံးဖြတ်ချက်အရမူ အာဆီယံက ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့စေလွှတ်တော့မည်မဟုတ်ကြောင်း ဆုံးဖြတ်ခဲ့သဖြင့် အာဆီယံနိုင်ငံတစ်ခုချင်းကသာ မိမိနိုင်ငံဆုံးဖြတ်ချက်အရ ရွေးကောက်ပွဲစောင့်ကြည့်သည့်အဖွဲ့များ စေလွှတ်မှုသာ ရှိလာနိုင်တော့မည်ဖြစ်သည်။
Ref, Bangkok Post
