၂၇.၁၀.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ် က သူ့ရဲ့ အာရှတိုက်ခရီးစဉ်အတွင်းအောက်တိုဘာ ၂၇ ရက်မှာတော့ သူ့အနေနဲ့ လက်ရှိအာရှခရီးစဉ်အတွင်းမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ တွေ့ဆုံလိုပါတယ်လို့ ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင်ကတော့ အမေရိကန်အစိုးရက မြောက်ကိုရီးယားကို နျူကလီးယားလက်နက်တွေစွန့်လွှတ်ဖို့ တောင်းဆိုမှုကို ရုပ်သိမ်းပေးရင် အမေရိကန်သမ္မတနဲ့ တွေ့ဆုံဖို့ အသင့်ရှိတယ်လို့ ပြောကြားထားခဲ့တာပါ။
အမေရိကန်သမ္မတက ကင်ဂျုံအန်နဲ့ တွေ့ဆုံဖို့ သူ့ရဲ့အာရှခရီးစဉ်ကို တိုးချဲ့မယ်လို့ အောက်တိုဘာ ၂၇ ရက်မှာ ပြောဆိုတာမျိုးတော့မဟုတ်ဘဲ မြောက်ကိုရီးယားခေါင်းဆောင်နဲ့ တွေ့ဆုံဖို့ သူ့အနေနဲ့ လိုလားတယ်လို့သာ ပြောဆိုခဲ့တာပါ။
ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံကြီးနှစ်ခု ဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ထိခိုက်ပျက်စီးမှုတွေဖြစ်စေမယ့် ပြင်းထန်တဲ့ကုန်သွယ်ရေးစစ်ပွဲကို အဆုံးသတ်နိုင်စေဖို့ တရုတ်သမ္မတ ရှီကျင့်ဖိန်နဲ့ တွေ့ဆုံမယ့် အာရှခရီးစဉ်ရဲ့ နောက်တစ်ဆင့်အဖြစ် အောက်တိုဘာ ၂၇ ရက်မှာ ထရမ့်ပ်ဟာ ဂျပန်နိုင်ငံကို ဦးတည်ထွက်ခွာလာတာပါ။

Air Force One လေယာဉ်ပေါ်မှာ ထရမ့်ပ်က ပြောကြားခဲ့ရာမှာ သူ့အနေနဲ့ အောက်တိုဘာ ၃၀ ရက် ကြာသပတေးနေ့မှာ တောင်ကိုရီးယားနိုင်ငံမှာ ရှီနဲ့တွေ့ဆုံတဲ့အခါ သဘောတူညီချက်တစ်ခု ရရှိမယ်လို့ မျှော်လင့်တယ်လို့ ပြောကြားခဲ့ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ တွေ့ဆုံဖို့ သူ့ရဲ့ခရီးစဉ်ကို တိုးချဲ့ဖို့ ဆန္ဒရှိတယ်လို့လည်း အရိပ်လက္ခဏာပြပြောခဲ့တာပါ။
ထရမ့်ပ် က “ကျွန်တော် သမ္မတရှီကို အရမ်းလေးစားပါတယ်။ ကျွန်တော်တို့ သဘောတူညီချက်တစ်ခု ရရှိနိုင်မယ်လို့ ထင်ပါတယ်” လို့ မလေးရှားက အပြန်ခရီးမှာ သတင်းထောက်တွေကိုပြောခဲ့တဲ့အတွက် အမေရိကန်နဲ့ တရုတ်ကုန်သွယ်ရေးညှိနှိုင်းရေးမှူးတွေရဲ့ သဘောတူညီချက်ရရှိဖို့ မျှော်လင့်ချက်တွေ မြင့်တက်လာရပါတယ်။
အာရှခရီးစဉ်အတွက် ဝါရှင်တန်မြို့ကနေ စတင်ထွက်ခွာကတည်းက ထရမ့်ပ်က ကိုရီးယားကျွန်းဆွယ်မှာ ၂၀၁၉ ခုနှစ်က ကင်ဂျုံအန်နဲ့ ပထမဆုံးအကြိမ်အဖြစ်တွေ့ဆုံပြီးတဲ့နောက်ပိုင်း မြောက်ကိုရီးယား ခေါင်းဆောင်ကို ထပ်မံ တွေ့ဆုံနိုင်တယ်လို့ ခန့်မှန်းပြောခဲ့ပြီး သူက ဒီအတွက် ပွင့်လင်းမြင်သာမှု ရှိပါတယ်လို့ ဆိုခဲ့ပါတယ်။
“သူတွေ့ချင်ရင်တော့ ကျွန်တော် တောင်ကိုရီးယားမှာ ရှိနေမှာပါ” လို့ ထရမ့်ပ်က တစ်ဆက်တည်းမှာ ပြောကြားခဲ့ပါတယ်။
အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီးအစည်းအဝေးမတိုင်မီ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့မှာ တောင်ကိုရီးယားဆိပ်ကမ်းမြို့ ဘူဆန်သို့ ထရမ့်ပ် ရောက်ရှိလာမှာဖြစ်ပြီး တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်နဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။
တောင်ကိုရီးယားပြန်လည်ပေါင်းစည်းရေးဝန်ကြီးကလည်း ထရမ့်ပ်နဲ့ ကင်တို့တွေ့ဆုံဖို့ အတော့်ကို အခွင့်အလမ်းတွေ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
ကင်ကလည်း မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်ပိုင်ဆိုင်မှုကို စွန့်လွှတ်ဖို့ အမေရိကန်အစိုးရရဲ့ တောင်းဆိုမှုကို ရုပ်သိမ်းပေးမယ်ဆိုရင် အမေရိကန်သမ္မတနဲ့ တွေ့ဆုံဖို့ သူ့အနေနဲ့ ပွင့်ပွင့်လင်းလင်း ဆောင်ရွက်သွားမယ်လို့ ပြောထားခဲ့တာပါ။
Ref- AP, AFP
