နေမိုး
၂၇. ၁၀. ၂၀၂၅
ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ကင်းပုန်းဝပ်ကာ ချောင်းမြောင်း ပစ်သတ်ပြီး ခဲယမ်းလက်နက်များနှင့် ကျပ် ၆၅၀၀၀ လုယက်ခဲ့သည်ဟု ကျူးလွန်သည့် သရက် PDF များဖြစ်သော သရက်ခရိုင်အမှတ် – ၄ တပ်ရင်းက ဝန်ခံထားသည်။

အောက်တိုဘာ ၂၆ ရက် နံနက် (၆)နာရီ (၃၀) မိနစ်အချိန်တွင် သရက်ခရိုင်၊ မင်းတုန်းမြို့၊ အင်းလည်ကုန်းကျေးရွာအနီး၊ မင်းတုန်းမြို့ဝင် လမ်းပိုင်းပေါ်တွင် မင်းတုန်းမြို့ရဲစခန်းမှ ရဲတပ်သား (၂)ဦးဖြစ်သော ရဲတပ်သားနေမင်းထက်နှင့် ရဲတပ်သားသန်းထိုက်စိုး တို့အား NUG ဩဇာခံ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင်အမှတ် – ၄ တပ်ရင်း၊ တပ်ခွဲ (၂) ၊ တပ်စိပ်(၅)မှ ကင်းပုန်းဝပ်၍ စောင့်ကြို ချောင်းမြောင်းကာ အလစ်တွင် ပစ်ခတ် တိုက်ခိုက်ရာ ရဲတပ်သား (၂)ဦး နေရာတွင်ပင် ကျဆုံးခဲ့သည်။

ထို့အပြင် ၎င်းတို့ထံမှ G3 (၂)လက်၊ G3 ကျည်ဘောက် (၂)ခု ၊ G3 ကျည် (၂၉)တောင့်၊ လက်ပစ်သီး (၁) လုံး၊ လက်ထိပ် (၁)ခု ၊ ဖုန်း (၁)လုံးနှင့် ငွေသား (၆၅၀၀၀)ကျပ် တို့အား လုယက်သိမ်းဆည်းရရှိခဲ့သည်ဟု ကျူးလွန်သည့် သရက် PDF များဖြစ်သော သရက်ခရိုင်အမှတ် – ၄ တပ်ရင်းက ဝန်ခံထားသည်။
