၂၃.၁၀.၂၀၂၅
Written By Thandar
စိတ်ကူးယဉ် Horror ဇာတ်လမ်းပုံစံ “ဗလာစာအုပ်” ဇာတ်လမ်းတွဲ Fan Meet ပွဲအခမ်းအနားကို ယနေ့ အောက်တိုဘာ ၂၃ ရက် ညနေ ၃ နာရီခွဲက ရန်ကုန်မြို့ St.John City Mall ရှိ JCGV Cinema မှာ အနုပညာရှင်တွေနဲ့အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။
“ ဒီ ဗလာစာအုပ်က ဂျင်နီအတွက် ပထမဦးဆုံး Series လည်းဖြစ်တယ်။ သဘာဝလွန်ဖြစ်ရပ်ဆန်းဇာတ်မို့ ကိုယ့်အတွက် အမှတ်တရများတဲ့ ကားပါ။ ကိုယ်တိုင်အရမ်းတန်ဖိုးထားတဲ့ ဇာတ်ဆိုလည်း မမှားပါဘူး။ လွန်ခဲ့တဲ့ ၃ နှစ်က စရိုက်ကူးချိန်မှာလည်း အမှတ်တရတွေတော်တော်လေးများခဲ့ပါတယ်။ နှင်းစက် ကာရိုက်တာလေးနဲ့ အခက်အခဲတွေရှိသလို ပျော်ရွှင်ရယ်မောစရာတွေ ကြုံခဲ့ရတယ်။ မထင်မှတ်ထားတဲ့ ဖြစ်ရပ်တွေလည်း ကြုံခဲ့ကြရတယ်။ ပြန်လည်ပြသချိန်မှာလည်း လူငယ်ပရိသတ်တွေ ကြိုက်နှစ်သက်စရာဇာတ်လေးဖြစ်ခဲ့ရလို့ ပီတိဖြစ်ရပါတယ် ”လို့ သရုပ်ဆောင် ဖုန်းသီရိကျော်က ပြောပါတယ်။







အဆိုပါ Fan Meet ပွဲမှာ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားကြတဲ့ အနုပညာရှင်တွေနဲ့အတူ ဂိမ်းတွေဆော့ကစားပြီးတော့ အမှတ်တရ လက်မှတ်တွေလည်းရေးထိုးကာ အမှတ်တရဓာတ်ပုံတွေ ရိုက်ကူးခဲ့ကြပါတယ်။
ဒီဇာတ်ကားကို ဇာတ်လမ်း စဝ်ခွန်စစ်၊ သီဟအောင်၊ ဝေနှင်းသီနဲ့ မေဝါလွင်တို့က ရေးသားပြီး ဇာတ်ညွှန်း ကျော်ကျော်ထွန်းနဲ့ အေးမို့မို့အောင်၊ ဒါရိုက်တာအောင်မြင့်မြတ်က ရိုက်ကူးကာ သရုပ်ဆောင်တွေဖြစ်တဲ့ အောင်ဇေယျမင်းထင်၊ ဖုန်းသီရိကျော်၊ သဉ္ဇာ၊ နန်းအိန္ဒြေ၊ ဝမ်ဝမ်း၊ စွမ်းထက်ညီညီ၊ မာန်ဓန၊ အေးမင်းဟိန်းစတဲ့သူတွေ ပါဝင်ထားကြပါတယ်။
“ ဗလာစာအုပ်”ဇာတ်လမ်းတွဲကို ပြီးခဲ့တဲ့အောက်တိုဘာ ၃ ရက်နေ့ ည ၇ နာရီတိုင်းမှာ အပတ်စဉ် တနင်္လာနေ့ ကနေ သောကြာနေ့အထိ MRTV-4 ရုပ်သံလိုင်းနဲ့ Pyone Play မှာ တိုက်ရိုက်ထုတ်လွှင့်ပြသနေလျက်ရှိပါတယ်။
