သတိုး
၂၃. ၁၀. ၂၀၂၅
မြေးဖြစ်သူက “အဘွားကို ချစ်တယ်” ဟု ဖုန်းဆက်ပြောပြီးနောက် မြွေကိုက်ခံရကြောင်း ပြောဆိုရင်း အသက်ဆုံးပါးသွားခဲ့သဖြင့် အဘွားဖြစ်သူမှာ ထိတ်လန့်တုန်လှုပ်ကာ စိတ်နှလုံးထိခိုက် ကြေကွဲခဲ့ရမှု ထိုင်းနိုင်ငံတွင် ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။
ယနေ့ အောက်တိုဘာလ ၂၃ ရက်၊ နံနက် ၉ နာရီအချိန်တွင် စမွတ်ပရာကန်ပြည်နယ်၊ ဘန်ဆောက်ထောင်ခရိုင်၊ ဆီဆာချိုရခေးယိုင်ရပ်ကွက်ရှိ နေအိမ်တစ်လုံး၏ ဒုတိယထပ်ရုံးခန်းအတွင်း၌ သေဆုံးနေသူ အသက် ၃၉ နှစ်အရွယ် မစ္စတာ အေ (အမည်လွှဲ)၏ ရုပ်အလောင်းကို ဘန်ဆောက်ထောင်ရဲစခန်းမှ ဒုတိယစုံစမ်းစစ်ဆေးရေးမှူး ရဲမှူးသနာကွန် ရတ္တနာဝိလိုင်၊ ရာမာဂျာကရီ နရူးဘောဒင်ဒြာ အင်စတီကျူ့မှ မှုခင်းဆေးဆရာဝန်တစ်ဦးနှင့် ဖိုးတက်ထောင်း ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ ပူးပေါင်း၍ စစ်ဆေးခဲ့သည်။
စစ်ဆေးရာတွင် အရာရှိများသည် သေဆုံးသူ၏ ဘယ်ဘက်လက်ကောက်ဝတ်၌ မြွေစွယ်ရာများကို တွေ့ရှိရပြီး အနည်းဆုံး လွန်ခဲ့သည့် နှစ်နာရီခန့်ကတည်းက သေဆုံးခဲ့သည်ဟု ခန့်မှန်းခဲ့သည်။ အရာရှိများသည် အခင်းဖြစ်ပွားရာနေရာကို ဓာတ်ပုံရိုက်ကူးပြီး သက်သေခံများအတွက် မြေပုံရေးဆွဲ မှတ်တမ်းတင်ခဲ့သည်။ ထို့နောက် သေဆုံးရသည့် အကြောင်းရင်းအမှန်ကို ဆုံးဖြတ်နိုင်ရန်အတွက် အလောင်းကို စမူပရာကန်ရှိ ရာမာဂျာကရီ နရူးဘောဒင်ဒြာ အင်စတီကျူ့၏ မှုခင်းဆေးပညာဌာနသို့ အသေးစိတ် ခွဲစိတ်စစ်ဆေးရန် ပို့ဆောင်ခဲ့သည်။
အခင်းဖြစ်ပွားရာနေရာအတွင်း၌ မြွေဟောက်တစ်ကောင်ကို တွေ့ရှိရသည်။ ရဲတပ်ဖွဲ့သည် ကျွမ်းကျင်သော စေတနာ့ဝန်ထမ်း မြွေဖမ်းသမားများထံ အကူအညီတောင်းခံ၍ ကိရိယာအပြည့်အစုံနှင့် တစ်မီတာနီးပါးရှည်သော မြွေဟောက်ကြီးကို ဖမ်းဆီးခဲ့သည်။
ဖြစ်စဥ်ကိုစစ်မေးရာတွင် အသက် ၇၄ နှစ်အရွယ် သေဆုံးသူ၏ အဘွားဖြစ်သူ မစ္စလက်က ယနေ့ နံနက် ၆ နာရီ မိနစ် ၄၀ အချိန်တွင် သူမ၏ မြေးဖြစ်သည့် သေဆုံးသူက ဖုန်းဆက်ပြီး “အဘွား၊မြေးကို ချစ်ရဲ့လား” ဟု မေးမြန်းခဲ့ကြောင်း ထွက်ဆိုခဲ့သည်။ သူမကလည်း “အဘွားက မြေးကို အရမ်း၊ အရမ်းချစ်တာပေါ့” ဟု ပြန်ဖြေခဲ့သည်။ ထို့နောက် မြေးဖြစ်သူက မြွေဟောက် ကိုက်ခံရကြောင်း ပြောကာ သူ တစ်ခုခုဖြစ်သွားခဲ့ပါ ဂရုစိုက်နေရန် ပြောပြီးနောက် လျှာတောင့်တင်းလာကာ စကားမပီမသဖြစ်လာပြီး တိတ်ဆိတ်သွားခဲ့သည်ဟု ပြောပြခဲ့သည်။
သူမသည် ချက်ချင်းပင် မြေးမတစ်ဦးကို ဖုန်းဆက်ခေါ်ခဲ့သည်။ ဆွေမျိုးများ ရောက်ရှိလာချိန်တွင် မစ္စတာအေမှာ အသက်ရှူရပ်နေသည်ကို တွေ့ရှိရပြီး CPR (အသက်ကယ် အရေးပေါ်နှလုံးနှင့် အဆုတ်ပြန်လည်အသက်သွင်းခြင်း) ပြုလုပ်ကာ ကယ်ဆယ်ရေးသမားများကို ခေါ်ဆိုခဲ့သော်လည်း နောက်ကျသွားခဲ့ပြီဖြစ်သည်။ ပုံမှန်အားဖြင့် သူမ၏မြေးသည် ထိုနေရာတွင် တစ်ဦးတည်းနေထိုင်သည်။ မြေးဖြစ်သူသည် အိမ်ထဲဝင်လာသော မြွေဟောက်ကို တွေ့ရှိပြီး ကိုယ်တိုင် ဖမ်းဆီးရန် ကြိုးပမ်းရာမှ ကျွမ်းကျင်မှုမရှိခြင်းကြောင့် လက်ကောက်ဝတ်ကို ကိုက်ခံရပြီး မိနစ် ၃၀ အတွင်း မြွေဆိပ်သည် နှလုံးသို့ အလျင်အမြန်ရောက်ရှိကာ သေဆုံးသွားခြင်း ဖြစ်နိုင်ကြောင်း ကနဦး ခန့်မှန်းရသည်။
ကနဦးတွင် ကယ်ဆယ်ရေးအရာရှိများသည် မြွေဟောက်ကို ဇစ်ပါသော အိတ်ထဲတွင် လုံခြုံစွာထည့်ပြီးနောက် ကျောက်ရောဂါ၊ ခွေးရူးပြန်ရောဂါနှင့် မြွေဆိပ်ဖြေဆေးများကို ထုတ်လုပ်သော ဌာနချုပ်ဖြစ်သည့် ဘုရင်မဆောင်ဗဟာ အမှတ်တရ အင်စတီကျူ့ (Queen Saovabha Memorial Institute) သို့ ပို့ဆောင်နိုင်ရန်အတွက် ဘန်ချာလောင်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ မီးသတ်ဌာန သို့ လွှဲပြောင်းပေးခဲ့သည်။
Ref, Khaodsod
