သက်တန့်
၂၃. ၁၀. ၂၀၂၅
ယနေ့ အောက်တိုဘာလ ၂၃ ရက်နေ့ နေ့လယ်ပိုင်းက ထိုင်းနိုင်ငံ၏ အဓိကလမ်းမကြီးဖြစ်သော ဖက်ချ်ကာဆမ်လမ်းပေါ်ရှိ ဘန်ချတ် ဓာတ်ဆီဆိုင်ရှေ့တွင် Mercedes-Benz GLC43 ကားတစ်စီး မီးလောင်ကျွမ်းခဲ့ရာ ခန့်မှန်းခြေအားဖြင့် ဘတ်ငွေ ၃ သန်း ဆုံးရှုံးခဲ့သည်။
ဖတ်ချာဘူရီပြည်နယ် ချာအမ်မြို့မှ ပရာချုခီရိခန်ပြည်နယ်၊ ဟွာဟင်မြို့သို့ ခရီးသွားနေသည့် အမေရိကန် ခရီးသွားနှစ်ဦးသည် Mercedes-Benz GLC43 ကားရှေ့ဖုံးအောက်မှ မီးခိုးများ ထွက်လာသည်ကို သတိပြုမိပြီး ချက်ချင်းပင် လမ်းဘေးသို့ ကားကို အမြန်ထိုးရပ်ခဲ့သည်။

သို့သော် မီးတောက်များ ကားတစ်စီးလုံးကို လျင်မြန်စွာ လောင်ကျွမ်းသွားခဲ့သဖြင့် လာရောက်ကူညီသည့် ဓာတ်ဆီဆိုင်ဝန်ထမ်းတစ်ဦး၏ မီးငြှိမ်းသတ်ရန် ကြိုးပမ်းမှုလည်း မအောင်မြင်ခဲ့ပေ။ သို့သော် ကံကောင်းထောက်မစွာဖြင့် ကားမီးလောင်မှုက ဓာတ်ဆီဆိုင်ကိုလည်း ကူးစက်မှုမရှိပေ။
မီးလောင်မှုနှင့် မီးခိုးနက်များ ထွက်ပေါ်လာမှုကြောင့် အာဏာပိုင်များသည် ယာဉ်ကြောများကို ယာယီပိတ်ဆို့ခဲ့ရသည်။ မီးသတ်သမားများသည် ကားမီးလောင်မှုကို မိနစ် ၃၀ ကြာ ငြှိမ်းသတ်ခဲ့ရပြီး ထိုအတောအတွင်း၌လည်း ပေါက်ကွဲသံများ ရံဖန်ရံခါ ထွက်ပေါ်နေခဲ့သည်။ သို့သော် နောက်ဆုံးတွင် မီးကို ထိန်းချုပ်နိုင်ခဲ့သည်။

အာဏာပိုင်များက မီးလောင်ကျွမ်းရခြင်း အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိပြီး ကနဦး တွေ့ရှိချက်များအရ ကား၏လျှပ်စစ်စနစ် ချို့ယွင်းမှု (Electrical system malfunction) ကြောင့် ဖြစ်နိုင်ကြောင်း ယူဆရသည်။
Mercedes-Benz GLC43 ကားသစ်များသည် စျေးနှုန်း ဘတ် ၄ ဒသမ ၄ သန်းမှ ၅ ဒသမ ၂ သန်းခန့်အကြားရှိပြီး ယခုမီးလောင်မှုကြောင့် ဘတ် ၃ သန်းခန့် ဆုံးရှုံးခြင်းမှာ ကြီးမားသည့် ဆုံးရှုံးမှုပင်ဖြစ်သည်။
Ref, Khaodsod
