၂၄. ၁၀. ၂၀၂၅
Translated by Thettant
ကုန်သွယ်ရေး တင်းမာမှုများ မြင့်တက်လာပြီးနောက် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည့် တွေ့ဆုံပွဲကို အတည်ပြုသည့်အနေဖြင့် အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်သည် လာမည့်အပတ်တွင် အာရှခရီးစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်သမ္မတ ရှီကျင့်ဖိန်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
အိမ်ဖြူတော် ပြန်ကြားရေးအတွင်းဝန် ကာရိုလိုင်း လီဗစ်က သတင်းထောက်များကို ပြောကြားရာတွင် သမ္မတ ထရမ့်ပ်သည် သောကြာနေ့ညနှောင်းပိုင်းတွင် မလေးရှားသို့ ထွက်ခွာမည်ဖြစ်ပြီး ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံများသို့ပါ သွားရောက်မည်ဖြစ်ကြောင်း၊ တောင်ကိုရီးယားတွင် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) စီအီးအိုများ ထိပ်သီးအစည်းအဝေး၌ မိန့်ခွန်းပြောကြားပြီးနောက် လာမည့် ကြာသပတေးနေ့တွင် ရှီကျင့်ဖိန်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
”ဒေသစံတော်ချိန် ကြာသပတေးနေ့ မနက်ပိုင်းမှာ၊ သမ္မတ ထရမ့်ပ်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံက သမ္မတ ရှီနဲ့ နှစ်နိုင်ငံ အစည်းအဝေးတစ်ခုမှာ ပါဝင်မှာဖြစ်ပြီး၊ အဲဒီနောက် နေရပ်ကို ပြန်ဖို့ ထွက်ခွာပါလိမ့်မယ်” ဟု လီဗစ်က ပြောကြားခဲ့သည်။
တနင်္ဂနွေနေ့တွင် ထရမ့်ပ်သည် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်နှင့် တွေ့ဆုံပြီး အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ခေါင်းဆောင်များ၏ ညစာစားပွဲသို့ တက်ရောက်မည်ဖြစ်ကာ၊ ထို့နောက် တနင်္လာနေ့တွင် တိုကျိုသို့ ထွက်ခွာပြီး အင်္ဂါနေ့၌ ဂျပန်နိုင်ငံ၏ ပထမဆုံးအမျိုးသမီး ဝန်ကြီးချုပ်သစ် ဆာနေး တာကိုင်ချီနှင့် တွေ့ဆုံမည်ဖြစ်သည်။
ဗုဒ္ဓဟူးနေ့တွင် ထရမ့်ပ်သည် တောင်ကိုရီးယားသို့ သွားရောက်မည်ဖြစ်ပြီး တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်နှင့် တွေ့ဆုံကာ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဖိုရမ် ထိပ်သီးအစည်းအဝေး၏ ဘေးပတ်ဝန်းကျင်မှ စီအီးအိုများအတွက် နေ့လယ်စာစားပွဲ၌ အဓိကမိန့်ခွန်း ပြောကြားမည်ဖြစ်ပြီး၊ ထို့နောက် အမေရိကန်-APEC ခေါင်းဆောင်များ၏ လုပ်ငန်းခွင် ညစာစားပွဲတွင် ပါဝင်မည်ဖြစ်သည်။
လပေါင်းများစွာ အရှိန်ယူနေခဲ့သည့် အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲသည် ပေကျင်းမှ မြေရှားသတ္တုများ တင်ပို့မှုအပေါ် ကန့်သတ်ချက်များကို ပြင်းထန်စွာ တိုးချဲ့ခဲ့ပြီးနောက် အောက်တိုဘာလ အစောပိုင်းတွင် အပြည့်အဝ ပေါ်ထွက်လာခဲ့သည်။
ထရမ့်ပ်သည် အခွန်အခများနှင့် အခြားအစီအမံများဖြင့် လက်တုံ့ပြန်ရန် ခြိမ်းခြောက်ခဲ့သော်လည်း မကြာသေးမီရက်များအတွင်း တရုတ်နှင့် ကုန်သွယ်ရေး သဘောတူညီချက်ရရှိရန်အတွက် အကောင်းမြင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
”ကျွန်တော် ထင်ပါတယ်၊ ကျွန်တော်တို့ အနေနဲ့ အလွန်ကောင်းမွန်တဲ့ ရလဒ် ထွက်လာမှာဖြစ်ပြီး လူတိုင်း အလွန်ပျော်ရွှင်ကြပါလိမ့်မယ်” ဟု ထရမ့်ပ်က တွေ့ဆုံပွဲနှင့်ပတ်သက်၍ ကြာသပတေးနေ့ နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။
ထိုမှတ်ချက်များသည် ၎င်း၏ ထိပ်တန်းကုန်သွယ်ရေး ကိုယ်စားလှယ်နှင့် ဘဏ္ဍာရေးအကြီးအကဲတို့၏ ပြတ်သားသော မှတ်ချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်နေခဲ့ပြီး ၎င်းတို့နှစ်ဦးသည် ဒုတိယသက်တမ်းအတွင်း ပထမဆုံးအကြိမ် တွေ့ဆုံမည့် ထရမ့်ပ်နှင့် ရှီကျင့်ဖိန်တို့၏ တွေ့ဆုံပွဲကို လမ်းကြောင်းပေါ် ဆက်လက်ထိန်းထားနိုင်ရန် ဗုဒ္ဓဟူးနေ့က အာရှသို့ ဦးတည်ခဲ့ကြသည်။
တရုတ်ခေါင်းဆောင်အား သူပထမဆုံး မေးမည့်မေးခွန်းမှာ Fentanyl (ဖန်တနိုင်းလ်) ဆေးဝါးအကြောင်း ဖြစ်သည်ဟု ထရမ့်ပ်က ပြောကြားခဲ့သည်။
ဝါရှင်တန်က တရုတ်အစိုးရသည် အမေရိကန်တွင် မူးယစ်ဆေးအလွန်အကျွံသုံးစွဲ၍ သေဆုံးမှု၏ အဓိကအကြောင်းရင်းဖြစ်သော Fentanyl ထုတ်လုပ်ရန်အတွက် မူလဓာတုပစ္စည်းများ (Precursor chemicals) စီးဆင်းမှုကို ထိန်းချုပ်ရန် ပျက်ကွက်သည်ဟု စွပ်စွဲထားသည်။ ပေကျင်းက စွပ်စွဲချက်ကို ကာကွယ်ခဲ့ပြီး ဝါရှင်တန်သည် Fentanyl ကို အသုံးပြု၍ တရုတ်ကို အနိုင်ကျင့်ရန် ကြိုးစားနေသည်ဟု တုံ့ပြန် စွပ်စွဲခဲ့သည်။
အိမ်ဖြူတော်သည် တရုတ်မှ ဓာတုပစ္စည်းများ စီးဆင်းမှုကို တရုတ်ကုန်ပစ္စည်းများအပေါ် အခွန်အခများ တိုးမြှင့်ရန်အတွက် အကြောင်းပြချက်တစ်ခုအဖြစ် အသုံးပြုခဲ့သည်။
”ကျွန်တော် သူ့ကို ပထမဆုံး မေးမယ့်မေးခွန်းက Fentanyl အကြောင်းဖြစ်ပါတယ်” ဟု ထရမ့်ပ်က ပြောသည်။ “ကျွန်တော် ဒါကို စာရင်းရဲ့ ရှေ့ဆုံးမှာ ထားလိုက်တာပါ”ဟုလည်း ထရမ့်ပ်က ဆက်လက်ပြောကြားသည်။
Ref, Reuters
