၂၄.၁၀.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ ကုန်သွယ်ရေးနဲ့ စက်မှုလုပ်ငန်းရှင်များအဖွဲ့(EconThai) က ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့အကြား နယ်စပ်အငြင်းပွားမှုကြောင့် လုပ်ငန်းရှင်တွေအနေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို သူတို့လုပ်ငန်းတွေအတွက် ပိုပြီးရှာဖွေလာကြရရာမှာ နိုင်ငံအတွင်း တခြားနိုင်ငံတွေက ရွှေ့ပြောင်းအလုပ်သမားဦးရေက မြင့်တက်လာနေတယ်လို့ ပြောကြားခဲ့ပါတယ်။
၂၀၀၅ ခုနှစ်ရဲ့ ဇန်နဝါရီလမှ သြဂုတ်လအတွင်းမှာပဲ ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားဦးရေက ၂၃ ရာခိုင်နှုန်း ဒါမှမဟုတ် အရေအတွက်အနေနဲ့ ၇၀,၀၀၀ ခန့် တိုးတက်လာခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင်လ ၂၄ ရက်မှာ နှစ်နိုင်ငံကြား ပဋိပက္ခမြင့်တက်လာပြီး တိုက်ခိုက်မှုတွေဖြစ်လာတဲ့အချိန်ကစလို့ ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမား အများအပြားက သူတို့မိခင်နိုင်ငံကို ပြန်လည်ထွက်ခွာခဲ့ကြပါတယ်။ ကမ္ဘောဒီးယားဘက်က ပစ်လွှတ်တဲ့ ဒုံးကျည်တစ်စင်းက ထိုင်းနိုင်ငံအတွင်း 7-Eleven ကုန်စုံဆိုင်တစ်ခုကို လာရောက်ထိမှန်သလို ထိုင်းနိုင်ငံကလည်း ကမ္ဘောဒီးယားစစ်ရေးပစ်မှတ်တွေကို လေကြောင်းမှ တိုက်ခိုက်ခဲ့တာပါ။
ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမားတွေက ပရာချင်းဘူရီ ပြည်နယ်တစ်ဝန်းမှာဆိုရင် စိုက်ပျိုးရေး၊ ရေလုပ်ငန်း၊ ဆောက်လုပ်ရေးနဲ့ စက်ရုံလုပ်ငန်းတွေမှာ အလုပ်လုပ်နေကြတာပါ။ EconThai ရဲ့ ဒုတိယ ဥက္ကဋ္ဌနဲ့ ထိုင်းနိုင်ငံအလုပ်အကိုင်ဖွံ့ဖြိုးရေး အကြံပေးကောင်စီ ဥက္ကဋ္ဌ ဖြစ်တဲ့ တာနစ်ဆိုရတ်က “အလုပ်ရှင်တွေလည်း ကမ္ဘောဒီးယားအလုပ်သမားတွေထွက်သွားတော့၊ အလုပ်သမားအင်အား ပြတ်လပ်သွားတော့ ပထမမှာ စိုးရိမ်ခဲ့ကြသေးတယ်။ ဒါပေမယ့် အခြေအနေက ပြောင်းသွားပါပြီ။ စိုးရိမ်စရာ မရှိတော့ပါဘူး“ လို့ ပြောခဲ့ပါတယ်။
ထိုင်းအစိုးရအဖွဲ့က ရေတိုသက်ရောက်မှုကို ဖြေရှင်းရန်အတွက် ရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ်လုပ်ခွင့်ပါမစ်တွေကို ခြောက်လသက်တမ်းတိုးဖို့ အစောပိုင်းက အတည်ပြုခဲ့ပါတယ်။ ဒီကာလအပြီးမှာ အရည်အချင်းပြည့်မီတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေက သူတို့ရဲ့ အလုပ်လုပ်ခွင့်ပါမစ်တွေကို နောက်ထပ် နှစ်နှစ်သက်တမ်းတိုးနိုင်ပြီး ဒီနောက်မှာလည်း နောက်ထပ် နှစ်နှစ်သက်တမ်းတိုးနိုင်ပါသေးတယ်။

တစ်ချိန်တည်းမှာပဲ အလုပ်ရှင်တွေကလည်း တခြားနိုင်ငံတွေက ရွှေ့ပြောင်းအလုပ်သမားတွေကို ဆွဲဆောင်ဖို့ လုပ်ခလစာတွေ တိုးမြှင့်တာ ဒါမှမဟုတ် အချိန်ပိုလုပ်ခတွေကို တိုးမြှင့်ပေးခဲ့ကြတာမှာ သူတို့က ထိုင်းအစိုးရအလုပ်သမားတွေရဲ့ နေ့စဉ်အနိမ့်ဆုံးလုပ်ခလထက် မြင့်မားတဲ့ ဝင်ငွေကို ရရှိကြတယ်လို့ မစ္စတာ တာနစ်က ပြောခဲ့ပါတယ်။
ထိုင်းအစိုးရက သီရိလင်္ကာနိုင်ငံမှ အလုပ်သမားသစ် ၁၀,၀၀၀ ခန့်အပ်ရေးအတွက် နားလည်မှုစာချွန်လွှာတစ်ခု လက်မှတ်ရေးထိုးထားပြီး ကမ္ဘောဒီးယားလုပ်သားတွေနေရာမှာ အစားထိုးဖို့ နောက်ထပ် ၃၀,၀၀၀ အထိ ထပ်မံတိုးမြှင့်ဖို့ အလား အလာရှိနေပါတယ်။
အလုပ်သမားရှားပါးမှုကို ကာကွယ်ဖို့ လက်ရှိထိုင်းနိုင်ငံမှာ နေထိုင်နေကြတဲ့ ဒုက္ခသည်တွေအပါအဝင် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားတွေကို ထပ်မံခေါ်ယူဖို့လည်း အာဏာပိုင်တွေက စီစဉ်ထားပါတယ်။
EconThai ရဲ့ အဆိုအရ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သား လေးသန်းနီးပါးရှိပြီး ၈၀ ရာခိုင်နှုန်းခန့်မှာ မြန်မာနိုင်ငံမှဖြစ်ပြီး လာအို၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားတို့မှ အလုပ်သမားတွေလည်း ရှိတယ်လို့ သိရပါတယ်။
ထိုင်းအစိုးရနဲ့ ကမ္ဘောဒီးယားအစိုးရတို့အကြား လက်မှတ်ရေးထိုးထားတဲ့ နားလည်မှုစာချွန်လွှာအရ တင်သွင်းလာတဲ့ ကမ္ဘောဒီးယားလုပ်သားအရေအတွက်မှာ ၂၀,၀၀၀ မှ ၃၀,၀၀၀ အထိ ကျဆင်းသွားတယ်လို့ သိရပါတယ်။
“ကမ္ဘောဒီးယားရွှေ့ပြောင်းအလုပ်သမားတွေ အများအပြား နေရပ်ပြန်သွားတာမှ တရားဝင်နဲ့ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားနှစ်မျိုးလုံး ပါဝင်ကြပါတယ်” လို့ မစ္စတာတာနစ်က ပြောကြားခဲ့ပါတယ်။
Ref- Bangkok Post
