၂၃.၁၀.၂၀၂၅
Written by Thiri
ထိုင်းနိုင်ငံမှာ လုပ်ငန်းခွင်မတော်တဆမှုတွေနဲ့ ကြုံတွေ့ခဲ့ရပြီး ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီးနှစ်ဦးက ဆုံးရှုံးမှုနစ်နာကြေးအဖြစ် အလုပ်ရှင်က ပေးဖို့ ကြန့်ကြာနေတဲ့အတွက် နှစ်ဖက်ကြားဝင်ကူညီပေးဖို့ ထိုင်းနိုင်ငံ အခြေစိုက် Worker Alliance Group ထံ အကူအညီတောင်းခံလာတယ်လို့ သိရပါတယ်။
လုပ်ငန်းခွင်မတာ်တဆဖြစ်တဲ့ ဖြစ်စဉ်တွေကြောင့် လက်တစ်ဖက်စီ ဆုံးရှုံးခဲ့ရတဲ့ အဆိုပါအမျိုးသမီးတွေက တစ်ဦးက ရေသန့်စက်ရုံမှာ လုပ်ကိုင်နေပြီး နောက်တစ်ဦးက သစ်လုပ်ငန်းတစ်ခုမှာ လုပ်ကိုင်နေတာလို့ သိရပါတယ်။
ရေသန့်စက်ရုံမှာ အလုပ် လုပ်နေတဲ့အမျိုးသမီးက မဝင်းဝင်းအေးလို့သိရပြီး အသက်က ၂၂ နှစ်အရွယ်လို့ သိရပါတယ်။ သူအလုပ်လုပ်တဲ့စက်ရုံက ထိုင်းနိုင်ငံ၊ ခိုလမြို့မှာရှိတဲ့ အိုင်ဖစ်ရေသန့်စက်ရုံလို့ သိရှိရပြီး သူက မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို MOU လုပ်သားအဖြစ်နဲ့ ဝင်ရောက်လုပ်ကိုင်နေတာလို့ သိရပါတယ်။

မဝင်းဝင်းအေးက အဆိုပါစက်ရုံမှာ အလုပ်လုပ်နေတာ တစ်နှစ်ကျော်ခန့်သာရှိသေးပြီး ပြီးခဲ့တဲ့
ဇွန်လ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က ရေသန့်ကိုင်တဲ့ စက်မှာ ရေဘူးခွံပါလာလို့ လှမ်းကောက်ရာက စက်လည်ချိန် ညာဘက်လက်နဲ့ဆံပင်တွေ ညပ်ပါသွားတယ်လို့ သိရပါတယ်။
အခင်းဖြစ်ဖြစ်ချင်း ခိုလမြို့ရှိ မဟာလဆေးရုံဆီ ပို့ဆောင်ကာ ဆေးကုသမှုခံယူရင်း အဲ့ဒီနေ့ညမှာပဲ ထိခိုက်တဲ့လက်ကို တံတောင်ဆစ်အပေါ်ကနေ ဖြတ်ပစ်လိုက်ရတယ်လို့ ဆိုပါတယ်။ စက်ရုံမှ ထိခိုက်မှုအပေါ် ဆေးကုစရိတ်လောက်သာပေးချေပေးပြီး နစ်နာသူက ၎င်းရဲ့ဆုံးရှုံးသွားတဲ့အပေါ် ရသင့်ရထိုက်တဲ့နစ်နာကြေး ပြန်လည်ရရှိဖို့အတွက် WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံ အကူအညီတောင်းခံလာတာလို့ သိရပါတယ်။
WAG အလုပ်သမားမဟာမိတ်အဖွဲ့မှ တာဝန်ရှိသူက “အခု ညီမလေးက နေစရာလည်း အကူအညီလိုသွားလို့ သူ့အမှုရင်ဆိုင်နေစဉ်အတွင်း ကျွန်တော်တို့ ရုံးမှာ ခေါ်ထားပါတယ်။ နေဖို့ရော အလုပ်မလုပ်နိုင်တော့လို့ စားဖို့ရော ထိုင်းမှာ ခက်ခဲနေတာပါ။ သူ့အမှုကတော့ ကျွန်တော်တို့ လိုက်စုံစမ်းကြည့်တဲ့အခါ MOU နဲ့ လာတာမှန်ပေမယ့် နှစ်ဖက်အေးဂျင့်တွေနဲ့ချိတ်ဆက်လုပ်တဲ့ အလုပ်ကနေ ညီမလေးက ပြောင်းလိုက်ပြီမို့ ရွှေ့ပြောင်းလုပ်သားဖြစ်သွားပြီ။ နောက်သူဌေးက ဒီမှာ ပကန်စခွန်လို့ခေါ်တဲ့ Social Security (SSO)၊ မြန်မာလို လူမှုဖူလုံရေးခံစားခွင့်ကို ပြောင်းတာမျိုး လုပ်မထားသေးဘူး။ တင်ထားတုန်းပဲရှိသေးတော့ တရားမဝင်ဘူး။ ဥပဒေနဲ့ မညီဘူးဖြစ်နေတယ်။ အဲ့ဒီညီမလေးလိုပဲ ဖြစ်ရပ်တူ အမတစ်ယောက်လည်း အလုပ်သမားနစ်နာကြေးမရဘူး။ သူက သစ်စက်မှာလုပ်ရင်း ဖြစ်တာ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

သစ်စက်မှာ အလုပ်လုပ်ရင်း ထိခိုက်တဲ့ အမျိုးသမီးက မမိုးသန္တာလွင်လို့ သိရပြီး အသက် ၃၅ နှစ်အရွယ် CI လုပ်သားလို့ သိရပါတယ်။ သူဖြစ်စဉ်ဖြစ်တဲ့ နေရာက ထိုင်းနိုင်ငံရဲ့ လှချ်ဘူလိခရိုင်၊ ဒန်ထက်တကိုမြို့၊ ချောင်ဘိန်ကျေးရွာက သစ်လုပ်ငန်းတစ်ခုမှာလို့ သိရပြီး သူကလည်း အဲဒီလုပ်ငန်းမှာ လုပ်ကိုင်နေတာ တစ်နှစ်ကျော်ခန့်ကြာပြီလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ ရက်နေ့ ၊ မနက် ၈ နာရီ ၃၀ မိနစ် အချိန်ခန့်က သစ်လုံးကြီးတွေကို အမှုန့်ကြိတ်နေရာမှာ သစ်လုံးငယ်တစ်ခုရောပါသွားလို့ သံချောင်းနဲ့ လှမ်းဖယ်ထုတ်ရာက အင်္ကျီစနဲ့ ချိတ်မိကာ ညာဘက်လက်ကြိတ်မိသွားပြီး အခင်းဖြစ်နေရာမှတင် လက်ပြတ်ထွက်သွားတယ်လို့ ဆိုပါတယ်။ မမိုးသန္တာလွင်ကို လှချ်ပူလိဆေးရုံကြီးဆီ ပို့ဆောင်ကာ ဆေးကုသမှုခံယူပြီး ငါးရက်အကြာမှာ ဆေးရုံမှ ဆင်းရကာ ဆေးကုသမှုစရိတ်တွေကို ပကန်စခွန်မရှိတဲ့အတွက် စက်ရုံက သူဌေးကရှင်းပေးတယ်လို့ ဆိုပါတယ်။
ဆေးရုံမှဆင်းပြီး ဆေးခွင့်နဲ့ နားနေတဲ့ကာလမှာ စက်ရုံဘက်မှ ဘာထောက်ပံ့ကြေးမှမပေးတဲ့အပြင် ဆေးရုံကပေးတဲ့ စာရွက်စာတမ်းတွေကိုလည်း သိမ်းဆည်းထားတဲ့အတွက် သူ့ရဲ့ နစ်နာဆုံးရှုံးမှုအတွက် နစ်နာကြေးပြန်လည်ရရှိအောင် အတွက် သူဌေးဆီက တာဝန်ယူမှုတာဝန်ခံမှုရဖို့ WAG ထံ ကူညီဆောင်ရွက်ပေးဖို့ အကူအညီတောင်းခံလာတာလို့ သိရပါတယ်။
“ထိုင်းမှာ ပကန်စခွန်ကြေးက လူသေရင် ဘတ် ၇၀၀၀၀၀။ လူမသေဘဲ ကိုယ်လက်အင်္ဂါဆုံးရှုံးရင် သူက ပိုရတယ်။ ဘတ် ၈၀၀၀၀၀ ဖြစ်မလား၊ ၉၀၀၀၀၀ဖြစ်မလားပေါ့ ရနိုင်တယ်။
ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကို အကြံပြုချင်တာက မိမိတို့စာရွက်စာတမ်းတွေ တရားဝင်ပြည့်စုံပါက ပကန်စခွန်ကတ်ကို လုပ်ဆောင်ထားကြပါ” လို့ WAG အလုပ်သမားမဟာမိတ်အဖွဲ့မှ တာဝန်ရှိသူက ဆိုပါတယ်။
