◾️ ယမန်နေ့အထိ မြဝတီမြို့အတွင်း၌ KK Park မှ အလုပ်သမားဟုယူဆရသည့် တရားမဝင်နိုင်ငံခြားသား စုစုပေါင်း ၁၁၈ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စနစ်တကျ ထိန်သိမ်းထားပြီး စစ်ဆေးမှုများ ဆောင်ရွက်နေ
◾️ နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် ပါဝင်ပတ်သက်သူများနှင့် နောက်ကွယ်မှ ကြိုးကိုင်နေသူ နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် အရေးယူသွားမည်ဟုပါ ပြောကြား

၂၃. ၁၀. ၂၀၂၅
Written by Nyein Kyaw
မြဝတီမြို့အတွင်း၌ နိုင်ငံတော်ဂုဏ်သိက္ခာကို ထိပါးစေသည့် အွန်လိုင်းလိမ်လည်မှု အပါအဝင် တရားမဝင်လုပ်ငန်းများတွင် ပါဝင်ခြင်းမရှိရန်နှင့် အဆိုပါ လုပ်ငန်းများသို့ သွားရောက်လုပ်ကိုင်ခြင်းအပြင် တစ်နည်းနည်းဖြင့် ပါဝင်ပတ်သက်ခြင်း၊ အားပေးခြင်းများ မပြုလုပ်ကြရန် ဒေသန္တရအမိန့်များ ထုတ်ပြန်ပြီး ဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့တွင် ဖြေကြားသည်။
KK Park နောက်ဆက်တွဲအခြေအနေများနှင့် ဖမ်းမိနိုင်ငံခြားသားများအား မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းနေမှုများနှင့် ပတ်သက်ပြီး မီဒီယာများ၏ မေးမြန်းမှုအပေါ် သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြန်လည်ဖြေကြားရာတွင် အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ဆောင်နေသည့် KK Park ကို တပ်မတော်က ပြီးခဲ့သည့် အောက်တိုဘာလ ၁၉ ရက်နေ့တွင် ဝင်ရောက်ရှင်းလင်းခဲ့ကြောင်း သတင်း ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ ယင်းနေ့တွင် KK Park အတွင်းမှ Starlink စလောင်းအစုံ ၃၀ ကို သိမ်းဆည်းရမိခဲ့သလို ဆောက်လုပ်ပြီး အဆောက်အအုံမျိုးစုံ ၂၂၇ လုံးနှင့် ဆောက်လုပ်ဆဲ အဆောက်အအုံမျိုးစုံ ၄၃ လုံးတို့ကို တွေ့ရှိခဲ့ကြောင်း၊ အဆိုပါ အဆောက်အအုံများအတွင်းမှ အလုပ်သမား ကျား ၁၆၄၅ ဦး၊ မ ၄၅၅ ဦး၊ လုံခြုံရေး (ကျား) ၉၈ ဦး စုစုပေါင်း ၂၁၉၈ ဦးတို့ကို တွေ့ရှိကြောင်းကိုလည်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

အောက်တိုဘာလ ၂၂ ရက်တွင် ထပ်မံရရှိသည့်သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် KK Park လုပ်ငန်းဆိုဒ်ဖြစ်သည့် (K-1) အတွင်းသို့ ဝင်ရောက်သည့်အချိန်တွင် လုပ်ငန်းဆိုဒ်များဖြစ်သည့် KK (1,2,3,4,5,6) များအတွင်းမှ အလုပ်သမားများသည် နီးစပ်ရာ မယ်ထော်သလေးကျေးရွာ၊ မြဝတီမြို့အနီးနှင့် ပတ်ဝန်းကျင်ကျေးရွာများအပြင် ထိုင်းနိုင်ငံမဲဆောက်မြို့ဘက်များသို့ အသီးသီးထွက်ခွာသွားကြခြင်းကို သိရှိရကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
မြဝတီမြို့ဘက်သို့ ထွက်ခွာလာသည့် အလုပ်သမားများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စနစ်တကျ ထိန်းသိမ်းခေါ်ဆောင်ထားပြီး အောက်တိုဘာလ ၂၂ ရက် (ယမန်နေ့) အထိ မြဝတီမြို့အတွင်း၌ အဆိုပါ KK Park ဆိုဒ်များမှ အလုပ်သမားဟု ယူဆရသည့် တရားမဝင်နိုင်ငံခြားသား ကျား ၁၁၄ ဦး၊ မ ၄ ဦး စုစုပေါင်း ၁၁၈ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စနစ်တကျ ထိန်သိမ်းထားပြီး လိုအပ်သည့်စိစစ်မှုများ ဆောင်ရွက်နေကြောင်း၊ ဆောင်ရွက်မှုပြီးစီးပါက လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ယနေ့တွင်လည်း မြဝတီမြို့ပတ်ဝန်းကျင်ကို လုံခြုံရေးအဖွဲ့များနှင့် ဆက်လက်ရှာဖွေပြီး တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများကို ထိန်းသိမ်းမှုများ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံဘက်သို့ ကျား ၆၁၈ ဦး၊ မ ၅၉ ဦး ပေါင်း ၆၇၇ ဦး ရောက်ရှိလာကြောင်း သတင်းများအရ သိရှိရကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“မြဝတီမြို့အတွင်းမှာ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကို ထိပါးစေသည့် အွန်လိုင်းလိမ်လည်မှု အပါအဝင် တရားမဝင်လုပ်ကိုင်ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေမှာ ပါဝင်ခြင်းမရှိကြဖို့၊ အဲဒီလုပ်ငန်းတွေအတွက် တရားမဝင်အဆောက်အဦတွေ ဆောက်လုပ်ခြင်း၊ အဲဒီအဆောက်အဦတွေက လုပ်ငန်းတွေမှာ သွားရောက်လုပ်ကိုင်ခြင်းအပြင် တစ်နည်းနည်းနဲ့ ပါဝင်ပတ်သက်ခြင်း၊ အားပေးကူညီခြင်း စတာတွေကို မပြုကြဖို့ကိုလည်း ဒေသန္တရအမိန့်တွေထုတ်ပြန်ပြီး တားမြစ်ဆောင်ရွက်နေပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြေကြားသည်။

ထို့ပြင် နိုင်ငံတော်အနေဖြင့် အဆိုပါ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် ပါဝင်ပတ်သက်သူများနှင့် နောက်ကွယ်မှကြိုးကိုင်နေသူ နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
