၂၃.၁၀.၂၀၂၅.
Translated by Htwe Ko Tun
ယူနိုက်တစ်ကင်းဒမ်း (ဗြိတိန်) နိုင်ငံ၊ လန်ဒန်မြို့ရှိ City University of London ရှိ စာသင်ခန်းတစ်ခုအတွင်းသို့ မျက်နှာဖုံးစွပ် ဆန္ဒပြသူများ အောက်တိုဘာလ ၂၂ ရက်က ဒေါသတကြီး ဝင်ရောက်လာခဲ့ကြကာ ဂျူးလူမျိုး စီးပွားရေး ပါမောက္ခတစ်ဦးကို ခေါင်းဖြတ်သတ်မည်ဟု ခြိမ်းခြောက်ခဲ့သည့်အပြင် ၎င်းက စစ်ရာဇ၀တ်ကောင်နှင့် နာဇီဝါဒီ ဖြစ်သည်ဟု စွပ်စွဲကြွေးကြော်ခဲ့ကြကြောင်း ဗြိတိန်သတင်းမီဒီယာ Sky News က ထိုဖြစ်ရပ်ကို ရင်ဆိုင်ခဲ့ရသူ ပါမောက္ခ မိုက်ကယ်ဘင်ဂဒ်၏ ပြောကြားချက်ကို ပြန်လည်ရေးသား ဖော်ပြခဲ့သည်။
“သူတို့က ကျွန်တော့်ဆီလာပြီး ကျွန်တော့်မျက်နှာကို ကြည့်ပြီး အော်ဟစ်ကြတယ်” ဟု ပါမောက္ခ မိုက်ကယ်ဘင်ဂဒ်က Sky News သို့ပြောခဲ့သည်။ “သူတို့ထဲက တစ်ယောက်က ကျွန်တော့်ခေါင်းကို ဖြတ်ပစ်မယ်လို့တောင် ခြိမ်းခြောက်သွားခဲ့တာပဲ” ဟု ၎င်းကပြောခဲ့သည်။
မိုက်ကယ်ဘင်ဂဒ်က ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း အစ္စရေးလုံခြုံရေးတပ်ဖွဲ့ IDF တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး အစ္စရေးတက္ကသိုလ်များနှင့် အဆက်အသွယ်ရှိခဲ့သည်။ ၎င်းအား ရာထူးမှထုတ်ပယ်ရန်အတွက် City Action for Palestine ဟုခေါ်သော အစ္စရေးဆန့်ကျင်ရေးအုပ်စုက ပစ်မှတ်ထား တောင်းဆိုကြမှုကို ခံခဲ့ရကြောင်း ၎င်းကပြောကြားခဲ့သည်။
City University of London က တက္ကသိုလ်အနေဖြင့် ၎င်း၏ဝန်ထမ်းများနှင့် ကျောင်းသားများ၏ နှောင့်ယှက်မှုကို သည်းမခံနိုင်တော့ကြောင်းနှင့် ပါမောက္ခ ဘင်ဂဒ်ကို တက္ကသိုလ်နှင့် ၎င်း၏ အကြီးတန်း စီမံခန့်ခွဲမှုအဖွဲ့က အပြည့်အဝပံ့ပိုးမှုရှိကြောင်း ပြောကြားခဲ့သည်။
ဘင်ဂဒ်ကလည်း ၎င်းအနေဖြင့် နောက်ဆုတ်အလျှော့ပေးမည်မဟုတ်ကြောင်း ငြင်းဆိုပြောကြားခဲ့သည်။ “ကျွန်တော်က ကျွန်တော့်တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်မယ်ဆိုတာ အခိုင်အမာပြောလိုတယ်။ ကျောင်းသားတွေကလည်း ကျွန်တော့်ဆီကနေ ဘာကိုမှ လျှော့မမျှော်လင့်ဖို့ အခွင့်အရေးရှိပါတယ်” ဟု Sky News သို့ ပြောကြားခဲ့သည်။
ဂါဇာပဋိပက္ခစတင်ချိန်မှစ၍ ယူနိုက်တစ်ကင်းဒမ်းတွင် ဂျူးမုန်းတီးရေး ဝါဒလှုပ်ရှားမှုများကညကြီးထွားလာခဲ့သည်။ ၂၀၂၅ ခုနှစ်၏ ပထမနှစ်ဝက်တွင်ပင် နိုင်ငံတစ်ဝန်း၌ ဂျူးမုန်းတီးရေးလှုပ်ရှားမှုဖြစ်ရပ်ပေါင်း ၁,၅၀၀ ကျော် မှတ်တမ်းတင်ခဲ့ရသည်။၊ နိုင်ငံတစ်ဝန်းရှိ ဂျူးအဖွဲ့အစည်းများ၏ လုံခြုံရေးကို ပံ့ပိုး ပေးနေသည့် Community Security Trust အဖွဲ့က ထိုအရေအတွက်မှာ တူညီသော အချိန်ကာလများ အတွင်း ဒုတိယအများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း ယခုနှစ်အစောပိုင်းတွင် ပြောကြားခဲ့သည်။
Ref- Times of Israel
