၂၃. ၁၀. ၂၀၂၅
Translated by Thettant
မြန်မာ့တပ်မတော်က KNU ၏ စီမံကိန်းဖြစ်သော မြဝတီမြို့နယ်ရှိ KK Park တရုတ်ကျားဖြန့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းအပေါ် ထိန်းချုပ်မှုကို တင်းကျပ်လိုက်ပြီးနောက် အဆိုပါ အွန်လိုင်းလိမ်လည်မှုဂိုဏ်းများထံ လုပ်ကိုင်နေကြသည့် နိုင်ငံခြားသား ၆၀၀ ကျော်သည် ထိုင်းနိုင်ငံ၊ တက်ခ်ပြည်နယ်၊ မဲဆောက်ခရိုင်ဘက်ခြမ်းသို့ သောင်ရင်းမြစ်ကိုဖြတ်ကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြသည်။
ထိုင်းအာဏာပိုင်များ၏ အဆိုအရ မြန်မာဘက်ခြမ်းမှ ထိုင်းဘက် ထွက်ပြေးလာသူအရေအတွက်မှာ အချိန်ပြည့်မြင့်တက်လာနေသဖြင့် ယနေ့ညနေပိုင်းတွင် စုစုပေါင်း ၁,၀၀၀ ကျော်လွန်နိုင်သည်ဟု ခန့်မှန်းထားသည်။




အောက်တိုဘာ ၂၂ မှ ၂၃ ရက်အထိ မှတ်တမ်းတင်ရရှိသော ပထမအကြိမ် ဝင်ရောက်လာမှုတွင် တစ်နာရီအတွင်း နိုင်ငံခြားသား ၂၀၂ ဦးပါဝင်ခဲ့ပြီး အများစုမှာ တရုတ်နိုင်ငံသားများဖြစ်သည်။ အောက်တိုဘာ ၂၃ ရက်နေ့ မနက်ပိုင်းတွင်လည်း ၄၀၀ ကျော် ထပ်မံ၍ မဲဆောက် အမြဲတမ်း နယ်စပ်ဂိတ်စခန်း ၁ နှင့် ၂ အနီးမှ ထိုင်းနိုင်ငံထဲသို့ ဝင်ရောက်လာခဲ့သည်။ ယနေ့ စုစုပေါင်း မှတ်တမ်းတင်ရရှိသူမှာ ၆၇၇ ဦးရှိပြီး အမျိုးသား ၆၁၈ ဦးနှင့် အမျိုးသမီး ၅၉ ဦး ပါဝင်သည်။
ထွက်ပြေးလာသူများကို ယာယီ လက်ခံထိန်းသိမ်းရန် Ratchamanu Task Force၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ တပ်ခွဲ ၃၄၆၊ မဲဆောက်ရဲစခန်းနှင့် တက်ခ်လူဝင်မှုကြီးကြပ်ရေး အပါအဝင် အာဏာပိုင်များက အရေးပေါ် လက်ခံရေးစခန်းများကို စီစဉ်ခဲ့ကြသည်။ ယင်းစခန်းများတွင် မဲဆောက်ခရိုင် စေတနာ့ဝန်ထမ်း ကာကွယ်ရေးတပ်ဖွဲ့ (Mae Sot District Volunteer Defense Company) နှင့် မဲပ ရပ်ကွက်ရှိ မဲဆောက် ဗောဓိဝိဇ္ဇာလယ ကောလိပ် (Bodhivijjalaya College Maesot) တို့ ပါဝင်ပြီး နိုင်ငံတကာ လူသားချင်းစာနာမှုစံနှုန်းများအတိုင်း လုံခြုံရေး၊ အစားအစာနှင့် ရေတို့ကို ထောက်ပံ့ပေးလျက်ရှိသည်။





မြန်မာနိုင်ငံက နယ်စပ်တစ်လျှောက်ရှိ တရားမဝင်ဈေးကွက်လုပ်ငန်းများ (Gray-market operations) နှင့် အွန်လိုင်းလိမ်လည်ဂိုဏ်းများ (Scammer gangs) ကို ဆက်လက်ဖြိုခွဲပါက အခြေအနေ ပိုမိုဆိုးရွားလာနိုင်ကြောင်း အရာရှိများက သတိပေးခဲ့သည်။
KK-Park တွင် အောက်တိုဘာ ၂၅-၂၆ တွင် နောက်ထပ် စစ်ဆင်ရေးတစ်ခု ဖြစ်ပွားနိုင်ကြောင်း ကောလာဟလများ ထွက်ပေါ်နေပြီး ယင်းက နယ်စပ်ဖြတ်ကျော် ထွက်ပြေးမှုများကို ပိုမိုဖြစ်ပေါ်စေနိုင်သည်။
နိုင်ငံခြားသားအားလုံးကို လူကုန်ကူးမှုသားကောင်များအတွက် National Referral Mechanism အောက်တွင် ထိန်းသိမ်း ဆောင်ရွက်လျက်ရှိပြီး ရဲတပ်ဖွဲ့၊ ခရိုင်အုပ်ချုပ်ရေးနှင့် တက်ခ်လူမှုဖွံ့ဖြိုးရေးနှင့် လူ့လုံခြုံရေးရုံးတို့က စိစစ်ခြင်းနှင့် ဥပဒေအရ ဆောင်ရွက်ခြင်းများ ဆက်လက်ပြုလုပ်နေသည်ဟု သိရသည်။
Ref, Thai Enquirer
