သတိုး
၂၃. ၁၀. ၂၀၂၅
အကြွေးပြန်လည် ပေးဆပ်စရာငွေမရှိသည့် ငွေချေးသူတစ်ဦးထံ ရစရာငွေလာတောင်းသည့် အကြွေးရှင်က အကြွေးမဆပ်သည့်အတွက် ငွေချေးသူ အသက်ဆုံးစေရန် တူးမြောင်းထဲသို့ ခုန်ချခိုင်းရာမှ အကြွေးပြန်မဆပ်နိုင်သည့် ငွေချေးသူ ရေနစ်သေဆုံးခဲ့ရရှာသည့်ဖြစ်ရပ် ထိုင်းနိုင်ငံတွင် ယမန်နေ့က ဖြစ်ပွားခဲ့သည်။
ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်နေ့၊ နံနက် ၂ နာရီအချိန်တွင် ပထုံဌာနီပြည်နယ်၊ ခလောင်းလုံမြို့နယ်၊ ခလောင်းနူအင်ရပ်ကွက်၊ မူး ၅၊ ခလောင်းလုံ ၄၈ လမ်းကြား နောက်ဘက်ရှိ တူးမြောင်းထဲတွင် လူတစ်ဦး ရေထဲခုန်ချကာ ရေနစ်သေဆုံးသွားကြောင်း ခလောင်းလုံရဲစခန်းမှ ဒုရဲအုပ် သနကွန် မိုရာထံသို့ အကြောင်းကြားလာသည်။ ထို့ကြောင့် ဒုရဲအုပ်သည် သမ္မာစက်တက္ကသိုလ် ဆေးရုံမှ မှုခင်းဆေးဆရာဝန်များနှင့် ရူအမ်ကာတာညူ ဖောင်ဒေးရှင်းမှ ဝန်ထမ်းများနှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်ခဲ့သည်။
အခင်းဖြစ်နေရာတွင် လူအများအပြား စုဝေးကြည့်ရှုနေကြသည်ကို တွေ့ရသည်။ ကမ်းနဖူးပေါ်တွင် ရေနစ်သေဆုံးသူပိုင်ဆိုင်သည့် အဝါရောင် ရှပ်အင်္ကျီတစ်ထည်နှင့် ခြေညှပ်ဖိနပ်တစ်ရန်ကို တွေ့ရှိရသည်။ ပထုံဌာနီပြည်နယ်ရှိ ရူအမ်ကာတာညူအသင်းမှ ရေငုပ်အဖွဲ့က ရုပ်အလောင်းကို ရှာဖွေရာ မိနစ် ၂၀ ခန့်အကြာတွင် ရေနစ်သေဆုံးသူ၏ ရုပ်အလောင်းကို ပြန်လည် ဆယ်ယူနိုင်ခဲ့သည်။
သမ္မာစက်တက္ကသိုလ် ဆေးရုံမှ မှုခင်းဆေးဆရာဝန်က သေဆုံးမှုသည် ၁ နာရီမှ ၂ နာရီခန့်အတွင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ရုပ်အလောင်းသည် ဘောင်းဘီရှည်ကို ဝတ်ဆင်ထားပြီး အင်္ကျီ မပါရှိချေ။ အလောင်းကို စစ်ဆေးရာတွင်လည်း တရားဝင် စာရွက်စာတမ်းများ တစ်စုံတစ်ရာ မတွေ့ရပေ။ သို့သော် မျက်မြင်သက်သေ ထွက်ဆိုသူအဆိုအရ သေဆုံးသူအား ‘မွဒ်’ဟု ခေါ်ဆိုပြီး အသက် ၃၀ မှ ၃၅ နှစ်ကြား ရှိမည်ဟု ခန့်မှန်းရသည်။
အထက်ပါ ရေနစ်သေဆုံးမှုဖြစ်စဥ်တွင် မျက်မြင်သက်သေဖြစ်သူ အသက် ၂၉ နှစ်အရွယ်ရှိ ‘သန်ဝါ’ကို စစ်ဆေးမေးမြန်းရာ ၎င်းနှင့် ‘မွဒ်’တို့ အိမ်တွင် ထိုင်နေစဉ် ‘မော့စ် (Mr. Mos)’ ဆိုသူရောက်လာပြီး ‘မွဒ်’ထံမှ ပိုက်ဆံတောင်းခံကြောင်း သိရသည်။ မည်သည့်အတွက် ပိုက်ဆံတောင်းသည်၊ အကြွေးပမာဏ မည်မျှရှိသည်ကိုမူ ‘သန်ဝါ’ မသိရပေ။ ‘မွဒ်’တွင် ပေးစရာ ပိုက်ဆံမရှိသောကြောင့် ‘မော့စ်’က ‘မွဒ်’၏ ဖုန်းကို ယူမည်ဟု ပြောဆိုသည်။ ထိုအချိန်တွင် ‘သန်ဝါ’က အပြင်သို့ အရင်ထွက်လာခဲ့ပြီးနောက် ‘မွဒ်’နှင့် ‘မော့စ်’တို့လည်း တူးမြောင်းနံဘေးသို့ ထွက်လာခဲ့ကြသည်။
ထို့နောက် အကြွေးမပေးနိုင်သော ‘မွဒ်’ကို ‘မော့စ်’ က ရေထဲ ခုန်ချခိုင်းသဖြင့် ‘မွဒ်’ ခုန်ချစဥ် သူငယ်ချင်းဖြစ်သူ ရေထဲ ခုန်ချသည်ကို မြင်ရသောကြောင့် ကယ်ဆယ်ရန်အတွက် ရေထဲသို့ ခုန်ချခဲ့သည်ဟု ‘သန်ဝါ’က ဖွင့်ဟခဲ့သည်။ သို့သော် ရေက နက်လွန်းနေသဖြင့် ‘သန်ဝါ’မှာ တူးမြောင်းတစ်ဖက်ကမ်းသို့ ကူးခတ်နိုင်ခဲ့သော်လည်း ‘မွဒ်’ကို မကယ်တင်နိုင်ဘဲ မွဒ်မှာ ရေနစ်မြုပ်၍ တူးမြောင်းထဲ ပျောက်ကွယ်သွားခဲ့သည်။
လူတစ်ဦးကို ရေနစ်သေစေအောင် ပြုမူခဲ့သည့် ကြွေးရှင် ‘မော့စ်’မှာမူ ထွက်ပြေးသွားပြီး လက်ရှိတွင် မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို မသိရပေ။
အစိုးရအရာရှိများက အခင်းဖြစ်နေရာကို စစ်ဆေးပြီးနောက် ဓာတ်ပုံမှတ်တမ်းများ ရယူခဲ့သည်။ ထို့နောက် သေဆုံးသူ၏ ရုပ်အလောင်းကို အသေးစိတ် စစ်ဆေးနိုင်ရန် သမ္မာဆက်တက္ကသိုလ် ဆေးရုံရှိ မှုခင်းသိပ္ပံဌာနသို့ ပို့ဆောင်ရန် ရူအမ်ကာတာညူ ဖောင်ဒေးရှင်း ဝန်ထမ်းများကို ညွှန်ကြားခဲ့သည်။
ထို့အပြင် ‘သန်ဝါ’ကိုလည်း ပြစ်မှုကျူးလွန်သူကို ဆက်လက်စုံစမ်းဖော်ထုတ်နိုင်ရေး အသေးစိတ် ထပ်မံစစ်ဆေးရန် ခလောင်းလုံ ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။
Ref , Khaosod
