သက်တန့်
၂၃. ၁၀. ၂၀၂၅
(၄၇) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများမတိုင်မီ မလေးရှားနိုင်ငံသို့ ရောက်ရှိလာသော နိုင်ငံခြား သံတမန်များထဲတွင် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့လည်း ပါဝင်လာသည်။
ဦးဟောက်ခန့်ဆုမ်းဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကြာသပတေးနေ့ (အောက်တိုဘာလ ၂၃ ရက်) နံနက် ၁၁ နာရီ ၃၅ မိနစ်ခန့်တွင် ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ် (KLIA) သို့ ဆင်းသက်ခဲ့သည်။
ယနေ့ ရောက်ရှိရန် စီစဉ်ထားသူများမှာ အရှေ့တီမောနိုင်ငံ နိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဘန်ဒီတို ဒို့စ် ဆန်းတို့စ် ဖရေးတက်စ်၊ ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် မာ. ထရီဆာ ပီ. လာဇာရိုနှင့် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး စိဟာဆက် ဖူဝမ်ကက်ကီအိုတို့ ဖြစ်ကြသည်။
ယခုနှစ်တွင် “ပူးပေါင်းပါဝင်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲမှု” ဆောင်ပုဒ်ဖြင့် အာဆီယံ ဥက္ကဋ္ဌ ရာထူးယူထားသော မလေးရှားနိုင်ငံသည် အောက်တိုဘာလ ၂၆ ရက်မှ ၂၈ ရက်နေ့အထိ ကွာလာလမ်ပူတွင် (၄၇) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပမည်ဖြစ်သည်။
ထိုထိပ်သီးအစည်းအဝေးသည် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ ခေါင်းဆောင်များနှင့် အမေရိကန်၊ တရုတ်၊ ဂျပန်နှင့် အိန္ဒိယ အပါအဝင် မိတ်ဖက်နိုင်ငံများမှ ခေါင်းဆောင်များက စုစည်းတက်ရောက်ဆွေးနွေးကြမည်ဖြစ်သည်။
၁၉၇၆ ခုနှစ်တွင် အာဆီယံ စတင်တည်ထောင်ခဲ့ချိန်မှစ၍ အကြီးမားဆုံးသော အာဆီယံ စုဝေးပွဲ ဖြစ်လာမည်ဟု မျှော်မှန်းရပြီး ယခုအစည်းအဝေးတွင် အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်၊ တရုတ်ဝန်ကြီးချုပ် လီချန်၊ ဘရာဇီးလ်သမ္မတ လူးဝစ် အီနာစီယို လူလာ ဒါ ဆေးလ်ဗားနှင့် တောင်အာဖရိကသမ္မတ စီရယ် ရာမာဖိုဆာ စသည့် ကမ္ဘာ့ခေါင်းဆောင်များကို ကြိုဆိုမည်ဖြစ်သည်။
Ref – Bernama
