၂၃.၁၀.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်နဲ့ ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်တို့အကြား လာမယ့်ရက်သတ္တပတ်တွေအတွင်း တွေ့ဆုံဆွေးနွေးကြဖို့ အလားအလာရှိတယ်ဆိုတဲ့ အစီအစဉ်တွေ ခေတ္တရွှေ့ဆိုင်းတယ်လို့ အမေရိကန်အစိုးရက အောက်တိုဘာလ ၂၁ ရက်မှာ ပြောခဲ့ပြီးတဲ့နောက် ရုရှားနိုင်ငံပိုင် ရေနံနဲ့သဘာဝဓာတ်ငွေ့ကုမ္ပဏီကြီးနှစ်ခုအပေါ် ပိတ်ဆို့အရေးယူမှုတွေကို သူတို့ရဲ့ ကုမ္ပဏီခွဲတွေနဲ့အတူ ထရမ့်ပ်အစိုးရက အောက်တိုဘာလ ၂၂ ရက်မှာ ထပ်မံကြေညာခဲ့ပါတယ်။
ထရမ့်ပ်အစိုးရက အဓိက နိုင်ငံပိုင် ရုရှားရေနံကုမ္ပဏီကြီးနှစ်ခု ဖြစ်တဲ့ Rosneft နဲ့ Lukoil တို့အပေါ် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်တယ်လို့ ထပ်မံကြေညာခဲ့တာပါ။
ကုမ္ပဏီနှစ်ခုစလုံးဟာ မော်စကိုမြို့ အစုရှယ်ယာဈေးကွက်မှာ စာရင်းသွင်းထားတဲ့ ထိပ်တန်းကုမ္ပဏီဆယ်ခုမှာ ပါဝင်ပြီး ရုရှားနိုင်ငံတွင်းနဲ့ နိုင်ငံတကာကို ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ တူးဖော်ထုတ်လုပ်တာ၊ သန့်စင်တာနဲ့ ရောင်းချတာ စတဲ့ လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေတာပါ။
ဒီကြေညာချက်ကို တရားဝင်မထုက်ပြန်မီမှာ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်က Fox Business ကို “ရုရှားသမ္မတပူတင်က ကျွန်တော်တို့မျှော်လင့်ထားသလို ရိုးရိုးသားသားနဲ့ ပြတ်ပြတ်သားသားပုံစံနဲ့ ညှိနှိုင်းဆွေးနွေးရေး စားပွဲကို ရောက်မလာခဲ့ဘူး” လို့ ပြောခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်ဟာ ယူကရိန်းစစ်ပွဲအဆုံးသတ်ဖို့အတွက် နေတိုးအုပ်စု အထွေထွေအတွင်းရေးမှူးချုပ် မာ့က်ရူတီနဲ့လည်း အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ပါတယ်။
Rosneft က ကမ္ဘာ့ရေနံထုတ်လုပ်မှုရဲ့ ခြောက်ရာခိုင်နှုန်းကို ထုတ်လုပ်နေတဲ့ကုမ္ပဏီကြီးဖြစ်ပြီး ရုရှား ရေနံထုတ်လုပ်မှုရဲ့ ထက်ဝက်နီးပါးကိုလည်း Rosneft ကပဲ ဆောင်ရွက်နေတာလို့ သိရပါတယ်။
Ref- DW
