◾️ ထို့ကြောင့် ပဲပုပ်စိုက်ပျိုးရေးမှသည် တန်ဖိုးမြှင့်ထုတ်ကုန် စားသုံးဆီနှင့် ပဲပုပ်ဖတ်အထိ တန်ဖိုးကွင်းဆက် တစ်ခုလုံးခိုင်မာအောင် တည်ဆောက်ရန် စိုက်ပျိုးမွေးမြူရေးဝန်ကြီး ပြောကြား
၂၃. ၁၀. ၂၀၂၅
Written by Nyein Kyaw
ပြည်တွင်းစားသုံးဆီ လိုအပ်ချက်၏ ၅၈ ရာခိုင်နှုန်းနီးပါးကို နိုင်ငံခြားငွေအမြောက်အမြား အကုန်အကျခံကာ တင်သွင်းနေရလျက်ရှိပြီး မွေးမြူရေးကဏ္ဍအတွက် မရှိမဖြစ်လိုအပ်သော ပဲပုပ်ကြိတ်ဖတ်ကိုလည်း နှစ်စဉ် မက်ထရစ်တန်ချိန် သုည ဒသမ ၆ သန်းခန့် ပြည်ပမှ ဝယ်ယူနေရကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ပြောကြားသည်။
ယမန်နေ့တွင် ကျင်းပသည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ(၂ဝ၂၅)ဖြင့် ဆောင်ရွက်မည့် မြန်မာနိုင်ငံတွင် စားသုံးဆီနှင့်ပဲပုပ်ကြိတ်ဖတ်ဖူလုံရေးအတွက် ပဲပုပ်ကြိတ်ခွဲရန် သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း စီမံကိန်းစတင်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ စီမံကိန်း၏ အဓိကရည်မှန်းချက်မှာ ပဲပုပ်စိုက်ပျိုးရေးမှသည် တန်ဖိုးမြှင့်ထုတ်ကုန်ဖြစ်သည့် စားသုံးဆီနှင့် ပဲပုပ်ဖတ်အထိ တန်ဖိုးကွင်းဆက်တစ်ခုလုံးကို ခိုင်မာအောင် တည်ဆောက်ရန်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
လက်ရှိ တင်သွင်းနေရသည့် စားသုံးဆီနှင့် ပဲပုပ်ကြိတ်ဖတ် နှစ်ခုလုံးကို ပြည်တွင်းဖြစ် ထုတ်ကုန်များဖြင့် လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ရန်အတွက် အရည်အသွေးပြည့်မီသည့် ပဲပုပ်စိုက်ပျိုးထုတ်လုပ်နိုင်ရေးအပါအဝင် ယခုစီမံကိန်းသည် ပြည်တွင်းစွမ်းအား၊ သုတေသနနှင့် နည်းပညာများဖြင့် ရင်ဆိုင်ဖြေရှင်းမည့် မဟာဗျူဟာမြောက် ချဉ်းကပ်မှုဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
