◾️“ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဆိုသည့် စကားနှင့်အညီ တိုင်းပြည်ကို ပြည်တွင်းအင်အားနှင့်သာ တည်ဆောက်ကြရမည်ဖြစ်ကြောင်းပါ ပြောကြား







၂၁. ၁၀. ၂၀၂၅
Written by Nyein Kyaw
တိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်ရေးသည် နိုင်ငံအေးချမ်းတည်ငြိမ်မှုနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲနေစေရေးအတွက် အသက်တမျှ အရေးကြီးအပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားသည့် မောင်းနှင်အားတစ်ရပ်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ်(၇)မှ ကျောင်းသား၊ ကျောင်းသူများကို ယနေ့ တွေ့ဆုံအမှာစကားပြောကြားစဉ် ပြောကြားသည်။
မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံဖြစ်သည်နှင့်အညီ တိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်ရေးသည် နိုင်ငံအေးချမ်းတည်ငြိမ်မှုနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲနေစေရေးအတွက် အသက်တမျှ အရေးကြီးသည့်အပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားသည့် မောင်းနှင်အားတစ်ရပ်လည်းဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လုပ်ဆောင်ရာတွင်လည်း တိုင်းရင်းသားပြည်သူအားလုံးက ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
ထို့အပြင် လက်ရှိကာလ မိမိတို့နိုင်ငံအပါအဝင် ကမ္ဘာတွင်ဖြစ်ပေါ်နေသည့် အခြေအနေအရပ်ရပ်ကို ကြည့်မည်ဆိုပါက နိုင်ငံအတွင်းတွင် နေထိုင်ကြသည့် နိုင်ငံသူ၊ နိုင်ငံသားအားလုံး၏ စည်းလုံးညီညွတ်မှု၊ တပ်မတော်နှင့် ပြည်သူတစ်ရပ်လုံး စည်းလုံးညီညွတ်မှုတို့ကို မဖြစ်မနေတည်ဆောက်ရန် လိုသည်ကိုတွေ့နိုင်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
စည်းလုံးညီညွတ်ခြင်းသည် နိုင်ငံ့အင်အားကို တောင့်တင်းခိုင်မာစေပြီး ဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံ့အကျိုးစီးပွားကို ဖြစ်ထွန်းစေကြောင်း၊ “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဆိုသည့် စကားနှင့်အညီ တိုင်းပြည်ကိုပြည်တွင်းအင်အားနှင့်သာ တည်ဆောက်ကြရမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ထိန်းသိမ်းကာကွယ်ရေးသည် ပြည်ထောင်စုသားအားလုံး၏ မွေးရာပါတာဝန်ဖြစ်ခြင်းကြောင့် နိုင်ငံသူ၊ နိုင်ငံသားအားလုံးက စည်းလုံးညီညွတ်စွာဖြင့် ပြည်ထောင်စုစိတ်ဓာတ် အရင်းခံကာ နိုင်ငံတော်ကို ဝိုင်းဝန်းကာကွယ်စောင့်ရှောက် ထိန်းသိမ်းသွားကြရန်လိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
