၂၁. ၁၀. ၂၀၂၅
Translated by Thettant
မြန်မာနိုင်ငံသားတစ်ဦးက ရည်းစားဟောင်းဖြစ်သူ မြန်မာအမျိုးသမီးကို ဓားဖြင့်ထိုးသတ်ဖြတ်ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်သွားမှု မလေးရှားတွင် ဖြစ်ပွားခဲ့ကြောင်းနှင့် နှစ်ဦးစလုံး အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားကြောင်း သတင်းထုတ်ပြန် ကြေညာခဲ့သည်။
အဆိုပါဖြစ်စဥ်အပေါ် Sin Chew Daily သတင်းစာ၏ ဖော်ပြချက်အရ နှစ်ဦးစလုံးသည် နိုင်ငံခြားသားများ ဖြစ်ကြပြီး The Star သတင်းစာအရ ၎င်းတို့နှစ်ဦးစလုံးသည် မြန်မာနိုင်ငံမှ ဖြစ်ကြသည်။

ဖြစ်စဉ်သည် အောက်တိုဘာလ ၂၀ ရက်နေ့ညက ဂျိုဟိုးဘာရူး (Johor Bahru) မြို့၊ အော်စတင် (Austin) ဧရိယာ၌ ဖြစ်ပွားခဲ့သည်။
ဖြစ်ရပ်အပေါ် ယနေ့ အောက်တိုဘာလ ၂၁ ရက်နေ့တွင် ဂျိုဟိုးဘာရူး တောင်ပိုင်းခရိုင်ရဲမှူးချုပ် ရာအူ ဆလာမတ်က ၃၃ နှစ်အရွယ် အဆိုပါအမျိုးသမီး ဓားထိုးခံရမှုသည် Jalan Austin Heights 8/3 လမ်းတွင် ဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့သည်။
ထိုလမ်းမသည် မိသားစု ကာရာအိုကေဆိုင်များကဲ့သို့သော စားသောက်ဆိုင်များနှင့် ဖျော်ဖြေရေးဆိုင်များဖြင့် ပြည့်နေသည့်နေရာဖြစ်သည်။
◾️ သေဆုံးသူ နှစ်ဦး
ဂျိုဟိုးဘာရူး တောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ လူသတ်မှု ဖြစ်စဉ်သည် အောက်တိုဘာ ၂၀ ရက် ည ၇ နာရီ မိနစ် ၄၀ ခန့်တွင် ဖြစ်ပွားခဲ့သည်။
အသက် ၃၃ နှစ်အရွယ် နိုင်ငံခြားသူ မြန်မာအမျိုးသမီးသည် ထိုးသွင်း ဓားဒဏ်ရာများ ပြတ်ရှဒဏ်ရများဖြင့် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးလျက် တွေ့ရှိရသည်ဟု ရဲမှူးချုပ်က ပြောကြားခဲ့သည်။
အမျိုးသမီး၏ ရည်းစားဟောင်း ဖြစ်သည်ဟု သံသယရှိရသော နိုင်ငံခြားသား မြန်မာ အမျိုးသားတစ်ဦးကိုလည်း အခင်းဖြစ်ပွားရာနေရာတွင် ၂၄ စင်တီမီတာ (၉ ဒသမ ၄ လက်မ) ရှည်လျားသော ဓားတစ်ချောင်းနှင့်အတူ သေဆုံးလျက်သား တွေ့ရှိခဲ့သည်။
တရားခံသည် သေဆုံးသူ အမျိုးသမီး၏ အလုပ်သမားအဆောင်တွင် အမျိုးသမီးကို ဓားဖြင့်ထိုးသတ်ပြီးနောက် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခြင်း ဖြစ်သည်ဟု သတင်းများက ဆိုသည်။
◾️ ဒဏ်ရာရရှိသူ နှစ်ဦး
ထိုဖြစ်စဥ်တွင် အသက် ၂၃ နှစ်အရွယ် နိုင်ငံခြားသူအမျိုးသမီးတစ်ဦးနှင့် ၂၇ နှစ်အရွယ် မလေးရှားအမျိုးသားတစ်ဦးတို့သည်လည်း ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်။
၎င်းတို့သည် မြန်မာအမျိုးသားမှ သားကောင်ဖြစ်သူ အမျိုးသမီးကို တိုက်ခိုက်ခြင်းအပေါ် တားဆီးရန် ကြိုးစားခဲ့ကြချိန် ဒဏ်ရာရရှိခဲ့ခြင်းလည်းဖြစ်သည်။
ရဲတပ်ဖွဲ့က ယင်း လူသတ်မှု ဖြစ်စဥ်နှင့် ဖြစ်စဉ်၏ အကြောင်းရင်းကိုလည်း စုံစမ်းစစ်ဆေးဆဲ ဖြစ်သည်။
Ref, The Straits Times & Mothership
