၁၈. ၁၀.၂၀၂၅
Translated by Thettant
နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက ပိုင်ဆိုင်မှု ဥပဒေများကို ရှောင်ကွင်းရန် ထိုင်းနိုင်ငံသားများကို အမည်ခံ အသုံးပြုသည့် ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရတ်ဌာနီပြည်နယ်၊ ခေါ့ဖငန်အပန်းဖြေကျွန်းပေါ်ရှိ တရားမဝင် လည်ပတ်နေသော အမည်ခံ စီးပွားရေးလုပ်ငန်းများကို ဆက်လက် နှိမ်နင်းရာတွင် ရဲတပ်ဖွဲ့က အစ္စရေး၊ ထိုင်းနှင့် မြန်မာ ရှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့သည်။
စူရတ်ဌာနီပြည်နယ် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့၊ ပြည်နယ်ရဲတပ်ဖွဲ့၊ ခရီးသွားရဲတပ်ဖွဲ့နှင့် ဒေသခံအရာရှိများ၏ ပူးပေါင်းစစ်ဆင်ရေးသည် သင့်လျော်သော လိုင်စင်မရှိဘဲ လည်ပတ်နေသည့် အမည်ခံစီးပွားရေးလုပ်ငန်းနှင့် တရားမဝင် ရွှေ့ပြောင်းလုပ်သားများ ကို အသုံးပြုထားသည့် ဟိုတယ်နှစ်ခုကို ပစ်မှတ်ထားခဲ့သည်။ စုစုပေါင်း လူရှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ရာ အစ္စရေးနိုင်ငံသား နှစ်ဦး၊ မြန်မာနိုင်ငံသား လေးဦးနှင့် ထိုင်းနိုင်ငံသား နှစ်ဦးတို့ကို ဖမ်းမိခဲ့သည်။ ထို့အပြင် အာဏာပိုင်များက တတိယမြောက် အစ္စရေးနိုင်ငံသား သံသယရှိသူကို လိုက်လံ ဖမ်းဆီးလျက်ရှိသည်။
ဖမ်းမိမှုဖြစ်စဉ်များတွင် ခေါ့ဖငန်မြို့နယ်၊ မူး-၈ ရှိ Hotel Arcana တွင် အစ္စရေးနိုင်ငံသားဖြစ်သူ မစ္စတာ ဂိုင်းနှင့် ထိုင်းနိုင်ငံသား မစ္စတာ ဆူဝီချာနွန် (နှစ်ဦးစလုံးမှာ ကုမ္ပဏီ ဒါရိုက်တာများဖြစ်သည်) တို့ကို ခွင့်ပြုချက်မရှိဘဲ ဟိုတယ် လည်ပတ်မှုဖြင့် အာဏာပိုင်များက စွဲချက်တင်ခဲ့သည်။
ထို့အပြင် ရဲတပ်ဖွဲ့သည် ဗီဇာခွင့်ပြုချက်ထက် ကျော်လွန်၍ အလုပ်လုပ်ကိုင်နေမှုဖြင့် ဟိုတယ်မန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်နေသော အစ္စရေးနိုင်ငံသား မစ္စတာ ရှောင်ဂေါလ်ကိုလည်း ဖမ်းဆီးခဲ့သည်။ မြန်မာလုပ်သား နှစ်ဦးကိုမူ Hotel Arcana တွင် တရားမဝင် အလုပ်လုပ်ကိုင်မှုဖြင့် ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။
ထို့အပြင် သောင်စလရွာရှိ Blessings Home and Cafe ဟိုတယ်တွင် ထိုင်းအရာရှိများက မြန်မာလုပ်သား နှစ်ဦးသည် နိုင်ငံခြားသားလုပ်သားများအတွက် တားမြစ်ထားသော ရာထူးများတွင် အလုပ်လုပ်ကိုင်နေသည်ကို တွေ့ရှိခဲ့သည်။ ထိုဟိုတယ်တွင် မြန်မာလုပ်သားနှစ်ဦးမှာ ကော်ဖီ ဖျော်ပေးခြင်းနှင့် ဘားတွင် ငွေကိုင်ခြင်းတို့ လုပ်ကိုင်မှုဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ပိုင်ရှင်အဖြစ် မှတ်ပုံတင်ထားသည့် ထိုင်းနိုင်ငံသား မစ္စတာ ပန်နုပေါင်ကိုမူ နိုင်ငံခြားသားများနှင့် တရားဝင် ခွင့်ပြုချက်ဘောင်ပြင်ပတွင် အလုပ်လုပ်ကိုင်ခွင့်ပြုမှုဖြင့် စွဲချက်တင်ခဲ့သည်။ စွဲချက်တင်မှုမှာ ထိုဟိုတယ်ကို မစ္စတာ ပန်နုပေါင်က ပိုင်ရှင်အဖြစ် အမည်ခံထားသော်လည်း စုံစမ်းစစ်ဆေးမှုအရ ကုမ္ပဏီဒါရိုက်တာအဖြစ် စာရင်းသွင်းထားသည့် အစ္စရေးနိုင်ငံသား မစ္စတာ ရာယာက အမှန်တကယ် ပိုင်ရှင်ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။

အစ္စရေးနိုင်ငံသား မစ္စတာ ရာယာသည် လွတ်မြောက်နေဆဲဖြစ်ပြီး အာဏာပိုင်များက လိုက်လံဖမ်းဆီးနေသည့် တတိယမြောက် အစ္စရေးသံသယရှိသူဖြစ်သည်။ ယင်းကိုမူ ခွင့်ပြုချက်မရှိဘဲ ဟိုတယ်လည်ပတ်မှုဖြင့် စွဲချက်တင်ခံရမည်ဖြစ်ပြီး မြန်မာလုပ်သားများမှာမူ ၎င်းတို့၏ တရားဝင် ခွင့်ပြုချက်ထက် ကျော်လွန်၍ အလုပ်လုပ်ကိုင်မှုဖြင့် စွဲချက်တင်ခံခဲ့ရသည်။
လူဝင်မှုကြီးကြပ်ရေး ဗျူရို၏ရဲချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဖာနုမတ် ဘွန်လကက်ဆနာက ဤစစ်ဆင်ရေးသည် စီးပွားရေးနှင့် ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်း ပုံရိပ်ကို ထိခိုက်စေသော အမည်ခံစီးပွားရေး အစီအစဉ်များ အပါအဝင် တရားမဝင် လုပ်ဆောင်မှုများအတွက် ထိုင်းနိုင်ငံကို အခြေစိုက်စခန်းအဖြစ် အသုံးပြုနေသည့် နိုင်ငံဖြတ်ကျော် ရာဇ၀တ်ကောင်များနှင့် ဒုစရိုက်အုပ်စုများကို နှိမ်နင်းရန် မူဝါဒများနှင့် ကိုက်ညီကြောင်း အလေးပေး ပြောကြားခဲ့သည်။
ခေါ့ဖငန်တွင် အမည်ခံစီးပွားရေးလုပ်ငန်းများကိုနှိမ်နင်းမှုသည် ထိုင်းနိုင်ငံသားများအမည်ဖြင့် ကုမ္ပဏီများ မှတ်ပုံတင်ကာ ထိုင်းဥပဒေကို ရှောင်ကွင်းပြီး လုပ်ငန်းများကို ကိုယ်တိုင် ထိန်းချုပ်ထားသည့် နိုင်ငံခြားသား ပိုင်ဆိုင်သော စီးပွားရေးလုပ်ငန်းများအပေါ် တိုးမြှင့် အရေးယူမှုများကို ထင်ဟပ်စေခဲ့သည်။
ထို့အတူ နိုင်ငံခြားသားများ၏ သံသယဖြစ်ဖွယ် တရားမဝင် လုပ်ဆောင်မှုများကို ပြည်သူများက သတင်းပို့ရန်အတွက် အာဏာပိုင်များသည် ၂၄ နာရီ ဟော့လိုင်း နံပါတ် ၁၁၇၈ ကို ဖွင့်လှစ်ထားသည်။
Ref, Khaodsod
