၁၈.၁၀.၂၀၂၅
Written by Hey Mar
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဒီနေ့မနက်ပိုင်းက အလှကုန်ဆိုင်တစ်ခုကို ဝင်ရောက် အကြမ်းဖက် ဓားပြတိုက် လုယက်မှု ဖြစ်ပွားပြီး ဆိုင်တွင်းရှိ အမျိုးသမီးတစ်ဦးကို ဦးခေါင်းရိုက်နှက်သွားမှု ဖြစ်ပွားခဲ့တယ်လို့ နယ်မြေခံ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးကွက်သစ်၊ နယ်မြေ (၁၅)ရှိ အလှကုန်ဆိုင်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ဆိုင်တွင်းကနေ ငွေသားတွေယူဆောင် သွားကာ ဆိုင်တွင်းရှိ ဝန်ထမ်းလို့ယူဆရတဲ့ အမျိုးသမီးတစ်ဦးရဲ့ ဦးခေါင်းကို ကော်သေနတ်နဲ့ ရိုက်နှက်သွားခဲ့တာလို့ သိရပါတယ်။

အဆိုပါ ဖြစ်စဉ်ကြောင့် အမျိုးသမီးမှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာတွေ ရရှိကာ သက်ဆိုင်ရာတာဝန်ရှိသူတွေက ပါဆုံးပစ္စည်းတွေ စိစစ်မှုနဲ့ ဖြစ်စဥ်ကို စုံစမ်းစစ်ဆေးတာတွေ အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်ခဲ့ပြီး ဒဏ်ရာရရှိသူ အမျိုးသမီးကို ဆေးရုံတင်ပို့ ကုသနိုင်ရေးအတွက် လူမှုကူညီရေးအသင်းက မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ကချင်ပြည်နယ်ရဲ့မြို့တော် မြစ်ကြီးနားမြို့မှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီကနေ မေလအထိ ခိုးဆိုးလုယက်မှု အကြိမ်ပေါင်း ၅၀ ထိရှိခဲ့တယ်လို့ မြစ်ကြီးနား အခြေစိုက် သတင်းဌာနတွေက ဖော်ပြကြပါတယ်။ ဩဂုတ်လအတွင်းကလည်း နေအိမ်ရှေ့ လမ်းမပေါ်ကျန်းမာရေးအရ လေ့ကျင့်ခန်းယူလမ်းလျှောက်နေသူအမျိုးသမီးတစ်ဦးကို လူငယ် သုံးဦးက လုယက် အကြမ်းဖက်လို့ တာဝန်သိပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး စက်တင်ဘာလ အတွင်းကလည်း သက်ကြီးပိုင်းအမျိုးသမီးကြီးသားအမိထံကနေ ဆိုင်ကယ်နဲ့ ရွှေဆွဲကြိုးဖြတ်ပြေးမှု ဖြစ်ပွားခဲ့ပါသေးတယ်။

ဒီလို ပြဿနာတွေ ဖြစ်ပေါ်လာရတာက မြစ်ကြီးနားမြို့မှာ မူးယစ်ဆေးအလွယ်တကူ ဝယ်ယူရရှိတာနဲ့ လူငယ်တွေ မူးယစ်ဆေးအလွန်အကျွံ သုံးစွဲလာတွေကြောင့်လို့ ဒေသခံတွေက သတင်းဌာနတချို့နဲ့ လူမှုကွန်ရက်တွေပေါ်မှာ မှတ်ချက်ပြု ပြောဆိုနေကြပြီး ခိုးဆိုး လုယက်မှုတွေကို ကျူးလွန်နေသူတွေထဲမှာ သက်လတ်ပိုင်းအရွယ်တွေသာမက အသက်မပြည့်သေးတဲ့ ဆယ်ကျော်သက်အရွယ်တွေလည်း ပါဝင်နေတယ်လို့ မြစ်ကြီးနားဒေသခံတွေဆီကနေ သိရပါတယ်။
