၁၈.၁၀.၂၀၂၅
Translated by Htwe Ko Tun
ဗင်နီဇွဲလားနိုင်ငံမှ စတင်ထွက်ခွာလာတဲ့ရေယာဉ်တစ်စီးပေါ်မှာ မူးယစ်ဆေးဝါးတွေသယ်ဆောင်လာတယ်ဆိုကာ အမေရိကန်က နောက်ထပ်လေကြောင်းတိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ပြီးနောက်မှာတော့ သူတို့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို အင်အားကောင်းလာစေဖို့ လုပ်ဆောင်ခဲ့တယ်လို့ ဗင်နီဇွဲလား အာဏာပိုင်တွေက အောက်တိုဘာ ၁၇ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဗင်နီဇွဲလားအစိုးရရဲ့ စီမံချက်တွေကို သိရှိနားလည်တဲ့အရာရှိနှစ်ဦးက ကုန်းတွင်း ဒါမှမဟုတ် ရေကြောင်း ပဋိပက္ခတွေ ဖြစ်ပေါ်လာနိုင်မှုအတွက် အကြမ်းဖျင်းအားဖြင့် ခြေကုပ်စခန်း ၂၈၄ ခု လည်ပတ်နေတယ်လို့ ABC News သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

အရာရှိတွေက ကမ်းရိုးတန်းဒေသကိုကာကွယ်ဖို့ လက်နက်အင်အား ကောင်းစွာတပ်ဆင်ထားတဲ့ ပြည်သူ့စစ်တွေကို တာဝန်ပေးထားတယ်လို့ ပြောခဲ့ကြပါတယ်။ ပြည်သူ့စစ်အဖွဲ့ဝင် ၄ ဒသမ ၅ သန်းခန့် တပ်ချ ထားတယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
အစ္စရေး-ဂါဇာပဋိပက္ခမှာစေ့စပ်ညှိနှိုင်းရေးအတွက်ကူညီပေးခဲ့တဲ့ အမေရိကန်ရဲ့အဓိက မဟာမိတ်ဖြစ်တဲ့ ကာတာဟာ အမေရိကန်နဲ့ ဗင်နီဇွဲလား အစိုးရတွေကြား ညှိနှိုင်းပြောဆိုမှုတွေကို ကူညီပေးနေတယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ ဒီအတောအတွင်းမှာပဲ ဗင်နီဇွဲလားအစိုးရက နော်ဝေနိုင်ငံနဲ့ သြစတြေးလျနိုင်ငံတွေ မှာရှိတဲ့ ဗင်နီဇွဲလားသံရုံးတွေကို ပိတ်လိုက်ပါတယ်။
အောက်တိုဘာလ ၁၆ ရက်မှာ အမေရိကန်အစိုးရက ဗင်နီဇွဲလားမှ ထွက်လာတဲ့ မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာတယ်ဆိုတဲ့တဲ့ မူးယစ်မှောင်ခိုအကြမ်းဖက်သမားတွေရဲ့ သင်္ဘောတစ်စင်းကို လေကြောင်းမှ တိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။ ဒါက နွေရာသီနောက်ပိုင်း ခြောက်ကြိမ်မြောက် တိုက်ခိုက်မှုဖြစ်တယ်လို့ အမေရိကန်စစ်တပ်က ကြေညာခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုမှာ အနည်းဆုံး အသက်ရှင်ကျန်ရစ်သူ နှစ်ဦးကို ရဟတ်ယာဉ်နဲ့ ကယ်ဆယ်ပြီးနောက် အမေရိကန် သင်္ဘောပေါ်မှာ ထိန်းသိမ်းထားတယ်လို့ ဖြစ်စဉ်အသေးစိတ်နဲ့ နီးစပ်သူတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။
အမေရိကန်လေတပ်က ဘီ-၅၂ ဗုံးကြဲလေယာဉ်တွေကလည်း ဗင်နီဇွဲလားကမ်းလွန်မှာ အင်အားပြသ ပျံသန်းခဲ့ကြတယ်လို့ သိရပါတယ်။
Ref- ABC News
