၁၈.၁၀.၂၀၂၅
Written by Hey Mar
ကင်ဆာရောဂါသည်အမေ ဝေဒနာသည်းလာလို့ ငွေကျပ် ငါးသောင်းနဲ့ ဆေးရုံလာပြစဉ် မိခင်ဖြစ်သူ ဆေးရုံမှာ သေဆုံးတဲ့အခါ သင်္ဂြိုဟ်စရာ စရိတ်မရှိတော့လို့ လူမှုကူညီရေးအသင်းထံ ဆေးရုံကနေ အလောင်းထုတ်ကာ သင်္ဂြိုဟ်ပေးဖို့ ဆယ်ကျော်သက် လူငယ်က အကူအညီတောင်းတာကြောင့် တောင်ငူအခြေစိုက် နန်းတော်ဦး လူမှုကူညီရေးအသင်းက အစအဆုံး တာဝန်ယူကူညီပေးခဲ့တယ်လို့ သိရပါတယ်။
နယ်မြေ အေးချမ်းမှုမရှိတဲ့ ကရင်ပြည်နယ် ၊ သံတောင်ခရိုင် ၊ လိပ်သိုမြို့နယ်ခွဲ ၊ ငါးမိုင်ကျေးရွာကနေ နေရပ်စွန့်ခွာနေထိုင်ကြရတဲ့ အဆိုပါ လူငယ်ရဲ့ မိသားစုမှာ မိခင်အပါအဝင် လူမမယ် ညီမငယ်နဲ့ ညီငယ်တစ်ဦးလည်း ရှိတယ်လို့ သိရပါတယ်။ ဖခင်ဖြစ်သူက သူ့ညီအငယ်ဆုံးဖြစ်သူ သုံးနှစ်သားအရွယ်ကတည်းက ဆုံးပါးခဲ့ပြီး ဒီနှစ်တွေအတွင်း မိခင်ဖြစ်သူနဲ့အတူ ရုန်းကန်နေထိုင်ကြတယ်လို့လည်း သိရပါတယ်။

ငယ်စဉ်ကတည်းက ကျောင်းနေထိုင်ဖူးခြင်းမရှိသလို အသက် ၁၄ နှစ်ကျော်အရွယ် (ပြည်တွင်းပဋိပက္ခတွေ အရှိန်မြင့်နေတဲ့ ကာလ ၂၀၂၃ ခုနှစ်အတွင်း) မှာ သူတို့နေထိုင်ရာ ငါးမိုင်ကျေးရွာအနီး စစ်ရှိန်မြင့်လာလို့ နယ်မြေမအေးချမ်းတာကြောင့် ဘေးပတ်ဝန်းကျင်က ရွာမှာ ပြောင်းရွှေ့ခိုလှုံရင်း မိခင်နဲ့ ညီ၊ ညီမက တစ်ရွာ၊ သူက တခြားတစ်ရွာမှာ သူရင်းငှားအဖြစ် သွားရောက်နေထိုင် လုပ်ကိုင်ကာ မိသားစု စားဝတ်နေရေး ဖြေရှင်းခဲ့ရတယ်လို့ မိခင်သေဆုံးလို့ သင်္ဂြိုဟ်ဖို့ အခက်အခဲကြုံနေရတဲ့ ဆယ်ကျော်သက်လူငယ် ဖြစ်သူရဲ့ ကြုံခဲ့ရတဲ့အခြေအနေကို နန်းတော်ဦး လူမှုကူညီရေးအသင်းဥက္ကဋ္ဌဖြစ်သူ ဆရာတော် ဦးသူရဇ္ဇက MT News ကို ပြန်လည်မိန့်ကြားပါတယ်။
ဆရာတော်က ” ကောင်လေးမှာက ပိုက်ဆံ ငါးသောင်း သူ့လုပ်အားခ ကြိုထုတ်ငွေ ပါလာတယ်တဲ့။ ဆေးရုံရောက်တော့ ဆေးဝယ်ရတာနဲ့ ငွေက မကျန်တော့ဘူး။ လူတွေ တအားကျပ်တည်းကြတယ်။ ငွေကြေးက မပြည့်စုံ။ ဆေးရုံဆေးခန်း ဆေးဖိုးဝါးခ တအားကုန်ကျတယ်။ ဘုန်းဘုန်းတို့လည်း နေ့စဉ် ဝင်ထွက်ရ ကူရတော့ မြင်နေရတယ်။ သူ့အမေက ဆေးရုံမှာ တစ်ရက်ပဲခံတယ်။ဆုံးသွားတော့ သင်္ဂြိုဟ်စရိတ်မရှိဘူး ကလေးက။ အလောင်း ပြန်သယ်ဖို့လည်း ပြန်စရာ နေရာမရှိဘူး။ ဆွေမျိုးသားချင်းတွေလည်း တကွဲတပြားဖြစ်နေကြလို့ အဆက်အသွယ်က မရှိဘူး။ အဲ့ဒါနဲ့ ဘေးခုတင်က တချို့က ဘုန်းဘုန်းတို့ဆီ လျှောက်ပေးတယ်။ အကူအညီတောင်းပေးတယ်။ အဲ့ဒါနဲ့ပဲ ပိုင်ရှင်မဲ့အဖြစ် ဆေးရုံကနေထုတ်ပြီး အသင်းအနေနဲ့ သင်္ဂြိုဟ်ဖို့ လုပ်ပေးရတယ်” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည် မိန့်ကြားပါတယ်။

သားသမီးတွေ မိခင်ကို နောက်ဆုံးကန်တော့နိုင်ဖို့လည်း တခြားရွာမှာ ကျန်ရှိနေတဲ့ လူမမယ် ကလေးနှစ်ဦးကို နန်းတော်ဦး လူမှုကူညီရေးအသင်းကပဲ သွားရောက်ခေါ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ အကိုကြီးဖြစ်တဲ့ သူရင်းငှားလူငယ်က မိဘမဲ့သွားတဲ့ ညီမနဲ့ ညီငယ်ကို သူသူရင်းငှား အလုပ်လုပ်ကိုင်တဲ့အိမ်ဆီ ခေါ်ဆောင်ကာ အတူနေဖို့ ခိုလှုံခွင့်တောင်းမယ်လို့လည်း ဆရာတော်တို့ဆီ သူ့အစီအစဉ်ကို ပြောပြတာကြောင့် သူရင်းငှား ငှားရမ်းသူ လယ်ပိုင်၊ ယာပိုင်တွေက သူရင်းငှားတစ်ဦးကို နေစရာ စားစရာကအစ စီစဉ်ပေးရတာမို့ ညီ ညီမတွေ နေထိုင်လို့ အဆင်မပြေပါက ဆက်လက်ကူညီပေးသွားမယ်လို့လည်း လူငယ်ကို အားပေးကူညီဖြစ်ပုံကို ဆရာတော်က အခုလိုပြောပြပါတယ်။
ဆရာတော် ဦးသူရဇ္ဇက “ရက်လည်လည်း ဘုန်းဘုန်းတို့ကို ပင့်ဖိတ်ပြီးမှ ကုသိုလ်ပြုတာတွေလုပ်မှ ပြီးမြောက်တာမဟုတ်ပါဘူးလို့။ ကောင်လေးတတ်နိုင်သလို လမ်းဘေးဆိုင်က မုန့်ဟင်းခါးလေးပဲ ဝယ်ပြီး ဘုန်းကြီးကျောင်းမှာ ဆရာတော်ကို လာကပ်လည်း အလှူပါပဲ ဆိုတာမျိုးပေါ့။ သူ့ကို ပြောပြရတယ်။ ညီ ညီမတွေ ခေါ်သွားဖို့ ခက်ခဲရင်လည်း ကလေးနှစ်ဦးကတော့ ဘုန်းဘုန်း တောင်ငူမြို့ပေါ်မှာ ရေဘေးရှောင် စခန်းတွေ၊ စစ်ဘေးရှောင်စခန်းတွေလည်းရှိပါတယ်။ ပညာရေးကျန်းမာရေးကအစ မိတ်ဖက်အသင်းတွေ ဆောင်ရွက်နေကြတာမို့ ကလေးတွေ ပညာသင်ကြားခွင့်လည်း ရမယ်ပေါ့။ အခုက ဒီကောင်လေးက အကိုကြီး အဖအရာ အုပ်ထိန်းသူမို့ သူ့ဆုံးဖြတ်ချက်ပေါ့။ လိုတာ အကုန် ဒီဘက်က ကူမယ်” လို့ ဆက်လက် မိန့်ကြားပါတယ်။

