၁၈. ၁၀. ၂၀၂၅
Translated by Thettant
အလုပ်ရရန် မျှော်လင့်ချက်ဖြင့် တစ်ဦးလျှင် ဘတ်ငွေ ၅၀,၀၀၀ (ကျပ် ၆၅ သိန်းဝန်းကျင်) နီးပါး ပေးခဲ့ရသော်လည်း အလုပ်ရှာပေးသည့် ပွဲစားများက စွန့်ပစ်ထားခဲ့ပုံရသည့် တရားမဝင် မြန်မာ ရွှေ့ပြောင်းလုပ်သား ၁၃၁ ဦးသည် ထိုင်းနိုင်ငံ၊ စမွတ်စခွန်ပြည်နယ်၊ မူအန်းမြို့နယ်၌ ဖမ်းဆီးခံခဲ့ရသည်။
စမွတ်စခွန်ပြည်နယ်လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က သောကြာနေ့တွင် ပြောကြားသည်မှာ လူဝင်မှုကြီးကြပ်ရေး အရာရှိများ၊ ရဲများနှင့် ဒေသခံအရာရှိများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကြာသပတေးနေ့ ညနေပိုင်းက ခေါ့ခမ်းမြို့နယ်ရှိ မူး – ၄ ရွာမှ အခန်း ၈၀ ကို ဝင်ရောက် စစ်ဆေးခဲ့ရာ လူအများအပြားကို တွေ့ရှိခဲ့ရသည်။
ဖမ်းဆီးရမိသူများမှာ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများဖြစ်ပြီး အမျိုးသား ၇၆ ဦးနှင့် အမျိုးသမီး ၅၅ ဦး ပါဝင်သည်။ ရွှေ့ပြောင်းလုပ်သားအချို့သည် နိုင်ငံကူးလက်မှတ်များ ပြသနိုင်ခဲ့သော်လည်း မည်သူမျှ တရားဝင် လူဝင်မှုကြီးကြပ်ရေး တံဆိပ်တုံးများ မပါရှိဘဲ အများစုမှာ မည်သည့် စာရွက်စာတမ်းမျှ မပါဝင်ခဲ့ပေ။
စတင်မေးမြန်းမှုများအရ အဆိုပါ ရွှေ့ပြောင်းလုပ်သားများကို ကန်ချနာဘူရီ၊ ရနောင်းနှင့် တက်ခ်ပြည်နယ်များရှိ နယ်စပ်ဖြတ်ကျော်တောလမ်းများမှတစ်ဆင့် ပို့ဆောင်ခံခဲ့ရပြီးနောက် အလုပ်နေရာများသို့ ပို့ဆောင်ရန် စောင့်ဆိုင်းနေခဲ့ပြီးနောက် ပုန်းခိုရန် ညွှန်ကြားခံထားရသည့် စမွတ်စခွန်ပြည်နယ်သို့ အကျိုးဆောင်များက ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စမွတ်စခွန်ပြည်နယ်သို့ ရောက်ရှိပြီးနောက်တွင် အကျိုးဆောင်များက စက်ရုံအလုပ်အကိုင် စီစဉ်ရန် ပြန်လာမည်ဟု အကြောင်းပြကာ ပျောက်ကွယ်သွားခဲ့သည်။ ရွှေ့ပြောင်းလုပ်သား တစ်ဦးစီသည် သယ်ယူပို့ဆောင်ခနှင့် အခြားအခကြေးငွေများအတွက် စုစုပေါင်း ဘတ်ငွေ ၅၀,၀၀၀ နီးပါး ပေးခဲ့ရသော်လည်း လမ်းတွင် စွန့်ပစ်ခံခဲ့ရသည်။
စမွတ်စခွန်ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ခတ္ထရတ် ချန်စီလ်က ရွှေ့ပြောင်းလုပ်သား ၁၃၁ ဦးစလုံးသည် နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသူများဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပြည်နယ်အာဏာပိုင်များသည် စာရွက်စာတမ်းမဲ့ လုပ်သားများအား တင်းကျပ်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်ဟု ၎င်းက အခိုင်အမာ ပြောကြားသည်။ ဒုတိယအုပ်ချုပ်ရေးမှူးက သယ်ယူပို့ဆောင်ရေးကို ကူညီသူများနှင့် ခိုလှုံရာ ပေးသူများ အပါအဝင် လူကုန်ကူးမှုကွန်ရက်တွင် ပါဝင်သူအားလုံးကို ဖော်ထုတ်ရန်နှင့် တရားစွဲဆိုရန် အာဏာပိုင်များက ဆောင်ရွက်နေကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို ၎င်းတို့၏ မူရင်းနိုင်ငံသို့ ပြန်ပို့မည်ဟု ၎င်းက ပြောကြားခဲ့သည်။ ၎င်းက နိုင်ငံအမည်များကို ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း ထိုင်းမီဒီယာအချို့က ၎င်းတို့အားလုံးသည် မြန်မာနိုင်ငံမှ ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
စမွတ်စခွန်ပြည်နယ်ရဲတပ်ဖွဲ့မှူး Pol Maj Gen Teeradej Athipakkhakun က စစ်ဆေးမှုများကို လုပ်ငန်းစဉ်နှင့် ဆက်စပ်သူတိုင်းကို ခြေရာခံနိုင်ရန် တိုးချဲ့ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ၎င်းက အများပြည်သူ၏ ဘေးကင်းလုံခြုံရေးနှင့် လူမှုရေးစနစ်ကို ထိန်းသိမ်းနိုင်ရေး ကူညီနိုင်စေရန်အတွက် တရားမဝင် ရွှေ့ပြောင်းလုပ်သားများနှင့် ပတ်သက်သည့် မည်သည့် သံသယဖြစ်ဖွယ် လုပ်ဆောင်မှုမျိုးကိုမဆို သတင်းပေးပို့ကြရန် လူထုကို တိုက်တွန်းပြောကြားခဲ့သည်။
Ref, Bangkok Post
