၁၈.၁၀.၂၀၂၅.
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်နဲ့ ယူကရိန်းသမ္မတဇယ်လန်စကီးတို့ဟာ ဝါရှင်တန်မြို့ သမ္မတအိမ်ဖြူတော်မှာ အောက်တိုဘာ ၁၇ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြရာမှာ သမ္မတထရမ်ပ့်က ယူကရိန်းစစ်ပွဲအနေနဲ့ အားကောင်းတဲ့လက်နက်ကြီးမျိုးလိုအပ်မှုကို လျော့ပါးစေမယ့် ပြီးဆုံးမှုဆီကို ဦးတည်ရွေ့ရှားနေတယ်လို့ အကောင်းမြင်တယ်ဆိုတာ ပြောခဲ့ပြီး သူ့အနေနဲ့ ယူကရိန်းအစိုးရလိုချင်နေတဲ့ တာဝေးပစ် တိုမာဟော့ခ်ဒုံးပျံတွေ ရောင်းချပေးဖို့ မလိုလားတဲ့ လက္ခဏာပြခဲ့တယ်လို့ သိရပါတယ်။
ဇယ်လန်စကီးက ဆွေးနွေးပွဲအစမှာပဲ ယူကရိန်းအနေနဲ့ အမေရိကန်ပြည်ထောင်စုကို ယူကရိန်းထုတ် အဆင့်မြင့်မောင်းသူမဲ့လေယာဉ်တွေ ပံ့ပိုးပေးဖို့ရှိသလို အမေရိကန်အစိုးရအနေနဲ့လည်း ရုရှားသမ္မတပူတင်က စစ်ပွဲအဆုံးသတ်ရေးဆောင်ရွက်လာဖို့ ယူကရိန်းကို ကီလိုမီတာ ၁,၆၀၀ ခန့် ရောက်နိုင်တဲ့ တာဝေးပစ် တိုမာဟော့ခ်ဒုံးပျံတွေပံ့ပိုးပေးဖို့ အဆိုပြုသွားမယ်လို့ ပြောခဲ့တာပါ။
ဒါပေမယ့် အမေရိကန်သမ္မတ ထရမ့်ပ်က ဒီကိစ္စအတွက် သူ့အနေနဲ့ ရက်အတန်ကြာ ချိန်ညှိစဉ်းစားနေခဲ့ပြီးနောက်မှာ ယူကရိန်းကို တိုမာဟော့ခ်ဒုံးပျံတွေပံ့ပိုးပေးဖို့အတွက် ယတိပြတ်မဆုံးဖြတ်နိုင်သေးဘဲ ချီတုံချတုံ ဖြစ်နေတယ်လို့ ပြောခဲ့ပါတယ်။
ထရမ့်ပ်က သူ့အနေနဲ့ စစ်ပွဲကို တိုမာဟော့ခ်ဒုံးပျံတွေ မလိုအပ်ဘဲ ရိုးရိုးသားသားပြီးစေချင်တယ်လို့ ဆွေးနွေးပွဲမှာ ပြောခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ရက်တွေအတောအတွင်းကတော့ ထရမ့်ပ် က ယူကရိန်းကို တိုမာဟော့ခ်ဒုံးပျံတွေ ရောင်းချပေးဖို့ သူ့အနေနဲ့လိုလားတယ်လို့ ပြောခဲ့တာပါ။ ဒီလို ရောင်းချပေးမယ်ဆိုရင် ရုရှား-အမေရိကန် ဆက်ဆံရေးက ပိုလို့ တင်းမာလာလိမ့်မယ်လို့ ပူတင်က သတိပေးနေတဲ့ကြားက သူကပြောခဲ့တာပါ။ ဒါပေမယ့် ဆွေးနွေးပွဲမှာ ထရမ့်ပ်ရဲ့သဘောထားပြောင်းလဲသွားခဲ့မှုက ယူကရိန်းအစိုးရအဖို့တော့ တော်တော်လေး စိတ်ပျက်ခဲ့ရတာပါပဲ။ အောက်တိုဘာလ ၁၆ ရက်က ထရမ့်ပ်နဲ့ ပူတင်တို့ နှစ်နာရီကျော်ကြာ ဖုန်းနဲ့ဆက်သွယ်စကားပြောခဲ့ကြပြီးတဲ့နောက် ခုလို ထရမ့်ပ်ရဲ့ သဘောထားပြောင်းခဲ့တာလို့လည်း ဆိုပါတယ်။
ဇယ်လန်စကီးအနေနဲ့ ယူကရိန်းတပ်ဖွဲ့တွေကို ရုရှားပိုင်နက်နယ်မြေအတွင်းကို နက်ရှိုင်းစွာ ဝင်ရောက်ပြီး အဓိကစစ်ဘက်ဆိုင်ရာနေရာတွေ၊စွမ်းအင်ဆိုင်ရာအဆောက်အအုံတွေနဲ့အရေးပါတဲ့အခြေခံ အဆောက်အအုံတွေကိုပစ်မှတ်ထားတိုက်ခိုက်နိုင်စေဖို့ လက်နက်တွေကိုရှာဖွေနေခဲ့တာပါ။ ဒီလိုတိုက်ခိုက်မှုတွေကြောင့် ရုရှားသမ္မတပူတင်အနေနဲ့ စစ်ပွဲအဆုံးသတ်ဖို့ ထရမ့်ပ်ရဲ့ တိုက်ရိုက်ညှိနှိုင်းမှုတွေပြုလုပ်ဖို့ တောင်းဆိုချက်တွေကို ပိုမိုအလေးအနက်ထားဖို့ တွန်းအားပေးရာရောက်လိမ့်မယ်လို့ ဇယ်လန်စကီးက ပြောခဲ့တာပါ။
ဒါပေမယ့် ဖုန်းပြောကြားမှုအတွင်းမှာ ရုရှားသမ္မတ ပူတင်က ယူကရိန်းကို တိုမာဟော့ခ်ဒုံးပျံတွေကို ထောက်ပံ့ပေးတာက “စစ်မြေပြင်မှာ အခြေအနေကို ပြောင်းလဲမှာ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံတွေကြား ဆက်ဆံရေးကို သိသိသာသာ ထိခိုက်ပျက်စီးစေမှာပါ” လို့ ထရမ့်ပ်ကို သတိပေးခဲ့တယ်ဆိုတာ ပူတင်ရဲ့ နိုင်ငံခြားရေးမူဝါဒအကြံပေး ယူရီ ယူရှာကော့ဗ် ရဲ့ ပြောကြားချက်အရ သိရပါတယ်။
အခုဆွေးနွေးပွဲက ထရန့် အနေနဲ့ ဒုတိယမြောက် သမ္မတ သက်တမ်းတာဝန်ယူပြီးတဲ့နောက် ယူကရိန်းသမ္မတဇယ်လန်စကီးနဲ့ လေးကြိမ်မြောက်တွေ့ဆုံဆွေးနွေးမှုဖြစ်သလို သူတိုနှစ်ဦး တစ်လအတွင်းမှာပဲ ဒုတိယအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံကြတာလည်း ဖြစ်ပါတယ်။
Ref- AP
