၁၈. ၁၀. ၂၀၂၅
Written by Nay Moe
ကမ္ဘာ့အမွေအနှစ်ဒေသဖြစ်သော ပုဂံညောင်ဦးဒေသတွင် PDF များက လက်နက်မဲ့ အုပ်ချုပ်ရေးမှူးတစ်ဦးကို ဒလန်ဟု တံဆိပ်ကပ်ကာ သတ်ဖြတ်လိုက်မှု ထပ်မံဖြစ်ပွားခဲ့ပြန်သည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၈ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ လက်ပန်တဲကျေးရွာနေဦးဟိန်းကိုကိုဦး(၃၃)နှစ်နှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်မသိန်းဆွေ(၂၉)နှစ်တို့အား PDF ငါးဦး(စိစစ်ဆဲ)က “သတင်းပေး/ဒလန်” ဟု ပြောဆိုကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်အပြီး ထပ်မံဖြစ်ပွားသော ယခုလူသတ်မှုမှာ အောက်တိုဘာ ၁၆ ရက်နေ့တွင် ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယခုဖြစ်စဉ်တွင် PDF များ၏ ပစ်ခတ်သတ်ဖြတ်မှု ခံလိုက်ရသူမှာ ညောင်ဦးနှင့် ပုပ္ပားအကြားရှိ ညောင်ဦးမြို့နယ်၊ ထီးပုကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သည်။
ထိုဖြစ်စဉ်အပေါ် ပြည်ထဲရေးဝန်ကြီးဌာနကလည်း ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၆ ရက် မွန်းလွဲ ၄ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ထီးပုကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၅၀ မိနစ်တွင် အဆိုပါကျေးရွာနေ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလွင်ကို(၅၁)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ငါးဦးခန့်က ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး “ဒလန်”ဟုပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွား ခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်ဟု ထုတ်ပြန်ထားသည်။ ထို့အပြင် PDF ထောက်ခံသော Exile မီဒီယာများကလည်း ဦးလွင်ကိုမှာ စစ်မှုထမ်းစုဆောင်းမှု၊ ငွေကြေးကောက်ခံမှုများကြောင့် PDF များက ဦးခေါင်းကို ပစ်ခတ် သတ်ဖြတ်လိုက်ကြောင်း ဝန်ခံ ဖော်ပြထားသည်ကို တွေ့ရှိရသည်။
ယခုနှစ် ဇန်နဝါရီ ၅ ရက်တွင် ညောင်ဦးပကဖအဖွဲ့ဖြစ်သော ပုဂံပြည်ဘီလူးတပ်မှ PDF များက ကမ္ဘာ့ယဥ်ကျေးမှုအမွေအနှစ်ဒေသဖြစ်သည့် ပုဂံညောင်ဦးဒေသအတွင်း NUG ခိုင်းစေချက်နှင့်အညီ စစ်ဆင်ရေးလုပ်ဆောင်မည်ဟုကြေညာခဲ့သည်။ ထို့နောက် ယခုနှစ် ဇန်နဝါရီမှ ဇွန်လအတွင်း လက်နက်မဲ့ပြည်သူများစွာကို သတ်ဖြတ်လုယက်ခြင်းနှင့် ဆယ်တန်းပြန်ဖြေမည့် ကျောင်းသားကျောင်းသူကိုးဦးနှင့် မိသားစုများကို တပ်မတော်က စောင့်ရှောက်ပေးထားသည့်ကြားမှ ပြန်မဖြေအောင် ခြိမ်းခြောက်မှုပြုသည့်အဆုံး ဇွန်လ ၃၀ ရက်မှ ဇူလိုင် ၂ ရက်အထိ တပ်မတော်က စစ်ကြောင်းထိုးရှင်းလင်းရာ PDF ၁၁ ဦး သေဆုံးသွားပြီးနောက် ယခုအချိန်တွင် လက်နက်မဲ့ပြည်သူများကို “သတင်းပေး/ဒလန်”ဟု စွပ်စွဲကာ လိုက်လံလက်တုံ့ပြန် ဖမ်းဆီးသတ်ဖြတ်မှုများ ပိုမိုဖြစ်ပွားနေပြီး ဇူလိုင်လမှ ယခု အောက်တိုဘာ ၁၈ ရက်အထိ ပုဂံညောင်ဦးဒေသတွင် PDF များက လက်နက်မဲ့ပြည်သူ ၂၀ ဦးထက်မနည်း သတ်ဖြတ်ထားသည်။
