၁၈. ၁၀. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်မှ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဘုတ်အဖွဲ့ (ONCB)၊ ရဲတပ်ဖွဲ့နှင့် စစ်တပ်မှ အရာရှိ ၁၀၀ ကျော်သည် ယနေ့ အောက်တိုဘာလ ၁၈ ရက်နေ့ နံနက် ၅ နာရီတွင် ဘန်ကောက်မြို့၊ ရတ်ချာ့သီဝိခရိုင်၊ ရတ်ချာ့ပရာရော့ ဆွိုင် ၁၄ ရှိ နိုက်ကလပ်တစ်ခုအား ဝင်ရောက်စီးနင်းခဲ့သည်။
စီးနင်းချိန်က ထိုင်းနိုင်ငံသားနှင့် နိုင်ငံခြားသား ဧည့်သည် ၁၀၀ ကျော် ကလပ်အတွင်း၌ ရှိနေခဲ့သည်။

အရာရှိများသည် မူးယစ်ဆေးဝါး စစ်ဆေးမှုများ ပြုလုပ်ရန်နှင့် တရားမဝင် ပစ္စည်းများ ရှာဖွေရန်အတွက် ကလပ်၏ လုပ်ငန်းဆောင်တာအားလုံးကို ရပ်ဆိုင်းခဲ့သည်။ စစ်ဆေးမှုအရ နိုင်ငံခြားသား ၁၁ ဦးနှင့် ထိုင်းနိုင်ငံသား ၁၀ ဦး သည် မူးယစ်ဆေးဝါးသုံးစွဲထားကြောင်း တွေ့ရှိရပြီး ၎င်းတို့အား ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
ONCB စုံစမ်းရေးမှူးများက အာဖရိက အမျိုးသားတစ်ဦးနှင့် ၎င်း၏ ထိုင်းဇနီးတို့သည် ကိုကင်းအား နိုက်ကလပ်ထဲသို့ မှောင်ခိုသွင်းပြီး ဧည့်သည်များထံ ရောင်းချနေကြောင်း တွေ့ရှိပြီးနောက် ယခုလို စီးနင်းဖမ်းဆီးမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ နိုက်ကလပ်သည် သတ်မှတ်ချိန်ထက် ကျော်လွန်၍ တရားမဝင် ဖွင့်လှစ်ထားခြင်းလည်း ဖြစ်သည်။ အာဏာပိုင်များသည် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေပြီး အမှုနှင့်ပတ်သက်၍ စွဲချက်တင်ရန် ဆက်လက်လုပ်ဆောင်နေသည်။
Ref, Khaosod
