◾️ ရှီကျင့်ဖိန်၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ပိုမိုပြင်းထန်လာပြီး ဖယ်ရှားလိုက်သူများကိုလည်း ငွေကြေးဆိုင်ရာ ရာဇဝတ်မှုများနှင့် စစ်ဆေးအရေးယူ
သတိုး
၁၈. ၁၀. ၂၀၂၅
တရုတ်သမ္မတ ရှီကျင့်ဖိန်၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ပစ်မှတ်များတွင် ဗဟိုစစ်ကော်မရှင်၏ ဒုတိယဥက္ကဋ္ဌဖြစ်သော နံပါတ် (၂) စစ်ဗိုလ်ချုပ် ဟယ်ဝေတုန်း (He Weidong) လည်း ပါဝင်သွားခဲ့ပြီဖြစ်သည်။
◾️ ရှီက ဘယ်သူတွေက စ ရှင်းလင်းသလဲ
တရုတ်သမ္မတ ရှီကျင့်ဖိန်၏ ကြီးမားသော စစ်ရေးဆိုင်ရာပြောင်းလဲမှုအဖြစ် ဗဟိုစစ်ကော်မရှင်နှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (People’s Liberation Army – PLA) အတွင်းရှိ နံပါတ်နှစ် စစ်ဗိုလ်ချုပ်နှင့် အခြားသော ထိပ်တန်းစစ်ဗိုလ်ချုပ်ရှစ်ဦးတို့ကို ရှင်းလင်းဖယ်ရှားခဲ့သည်။
၎င်းသည် သမ္မတရှီ၏ တရုတ်စစ်တပ်အတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး စစ်ဆင်ရေးကို အရှိန်မြှင့်တင်လိုက်ခြင်းလည်း ဖြစ်သည်။
ရှီသည် ဗဟိုစစ်ကော်မရှင် (Central Military Commission – CMC) ၏ ဒုတိယဥက္ကဋ္ဌ နှစ်ဦးအနက်မှ နံပါတ် ၂ ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ် ဟယ်ဝေတုန်း (General He Weidong) ကို ရာထူးမှ တရားဝင် ထုတ်ပယ်ခဲ့သည်။
ရာထူးတာဝန် ထမ်းဆောင်နေစဉ်အတွင်း အဆင့်မြင့် ဗိုလ်ချုပ်တစ်ဦးကို ဤကဲ့သို့ ရှင်းလင်းဖယ်ရှားခြင်းသည် ဆယ်စုနှစ် ခြောက်ခုအတွင်း ပထမဆုံးအကြိမ် ဖြစ်သည်။
ဗိုလ်ချုပ်ဟယ်ဝေတုန်းသည် CMC နှင့် PLA ၏ တတိယမြောက် အမြင့်ဆုံး ခေါင်းဆောင် ဖြစ်ပြီး၊ တရုတ် ကွန်မြူနစ်ပါတီ၏ ပေါ်လစ်ဗျူရို အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။
ကျွမ်းကျင်သူများ၏ ပြောကြားချက်အရ ဗိုလ်ချုပ်ဟယ်ဝေတုန်းကို ဖယ်ရှားလိုက်ခြင်းသည် PLA အတွင်း ဆယ်စုနှစ်များစွာအတွင်း အကြီးမားဆုံးသော အပြောင်းအလဲများထဲမှ တစ်ခုဖြစ်သည်။
သမ္မတရှီ၏ နောက်ဆုံး ရှင်းလင်းဖယ်ရှားမှုတွင် စစ်တပ်၊ ရေတပ်၊ ဒုံးပျံတပ်ဖွဲ့ (Rocket Force) နှင့် လက်နက်ကိုင်ရဲတပ်ဖွဲ့များမှ ခေါင်းဆောင်များ ပါဝင်ပြီး တရုတ်နိုင်ငံ၏ အဆင့်အမြင့်ဆုံး စစ်အရာရှိအချို့ကို ဖယ်ရှားလိုက်ခြင်းလည်း ဖြစ်သည်။

◾️ ကာကွယ်ရေးဝန်ကြီးဌာနက ဘာတွေပြောသလဲ
ကာကွယ်ရေးဝန်ကြီးဌာနက ထိုအရာရှိ ကိုးဦးသည် “အထူးကြီးမားသော ငွေကြေးပမာဏများ ပါဝင်သည့် အဓိက လုပ်ငန်းခွင်နှင့်သက်ဆိုင်သော ရာဇဝတ်မှုများအတွက် သံသယရှိသည်” ဟု ပြောကြားခဲ့သည်။
ရှီသည် ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်ဖြစ်သူ မြောက်ဟွာ (Miao Hua) ကိုလည်း ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် ကော်မရှင်မှ ဆိုင်းငံ့ထားပြီးနောက် ရှင်းလင်းဖယ်ရှားခဲ့သည်။
ထိပ်တန်းအရာရှိများသည် ကွန်မြူနစ်ပါတီမှ ထုတ်ပယ်ခံရပြီးနောက် ၎င်းတို့၏ သံသယဖြစ်ဖွယ် ရာဇဝတ်မှုများကို စစ်ဆေးအရေးယူရန် စစ်ဘက်ဆိုင်ရာ အစိုးရရှေ့နေများထံ လွှဲပြောင်းပေးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
PLA ရှိ အဂတိလိုက်စားမှုကို ဖယ်ရှားရန် ရှီ၏ ပြင်းထန်သော စစ်ဆင်ရေးသည် ၂၀၂၃ ခုနှစ် တွင် စတင်ခဲ့ပြီး စစ်ဘက်ဆိုင်ရာ ဝယ်ယူရေးကိစ္စများကို ကြီးကြပ်သည့် အရာရှိများကို စုံစမ်းစစ်ဆေးရာမှ စတင်ကာ လက်နက်ကိုင်တပ်ဖွဲ့အားလုံးရှိ ဗိုလ်ချုပ်များအထိ ကျယ်ပြန့်လာခဲ့သည်။
ကျွမ်းကျင်သူအချို့ကမူ ဤရှင်းလင်းဖယ်ရှားမှုများသည် အဂတိလိုက်စားမှုပြဿနာများထက် ကျော်လွန်၍ သမ္မတရှီတွင် စစ်တပ်နှင့်ပတ်သက်သော အခြားစိုးရိမ်ပူပန်မှုများ ရှိနေနိုင်သည်ဟု ယူဆကြသည်။
CMC နှင့် PLA မှ အဆင့်အမြင့်ဆုံး အရာရှိသုံးဦးကို ပြင်းထန်စွာ ကိုင်တွယ်ဖြေရှင်းခြင်းသည် “လက်နက်ကိုင်တပ်ဖွဲ့များအတွင်း အဂတိလိုက်စားသူများအတွက် လုံးဝနေရာမရှိကြောင်းကို ထင်ရှားစေသည်” ဟု ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ဖယ်ရှားခံရသည့် ဗိုလ်ချုပ်ကိုးဦးအနက် ရှစ်ဦးသည် ကွန်မြူနစ်ပါတီ၏ ထိပ်တန်းဆုံးဖြတ်ချက်ချသည့်အဖွဲ့ဖြစ်သည့် ဗဟိုကော်မတီ (Central Committee) အဖွဲ့ဝင်များ ဖြစ်ကြသည်။ ၎င်းတို့ကို တရားဝင် ဖယ်ရှားလိုက်ခြင်းသည် လာမည့်ရက်သတ္တပတ်တွင် ကျင်းပမည့် ဗဟိုကော်မတီ အစည်းအဝေးကြီး မတိုင်မီ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ဒုံးပျံတပ်ဖွဲ့ (PLA Rocket Force) ၏ အကြီးအကဲဟောင်း ဝမ်ဟောက်ဘင် (Wang Houbin) လည်း ဖယ်ရှားခံရသူများတွင် ပါဝင်သည်။ ၀မ်ဟောက်ဘင်၏ ရှေ့က ဆက်ခံသူဖြစ်သော ဒုံးပျံတပ်ဖွဲ့ အကြီးအကဲဟောင်းသည်လည်း ၂၀၂၃ ခုနှစ်အတွင်း ပြုလုပ်သည့် အဂတိလိုက်စားမှု စစ်ဆင်ရေးကာလ၌ ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။

◾️ တရားဝင်ထုတ်ပြန်ချက်အရ ဘယ်သူတွေ ဖယ်ရှားအရေးယူခံလိုက်ရသလဲ
တရုတ်ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက သောကြာနေ့တွင် ကြေညာခဲ့ရာ ထုတ်ပြန်ချက်အရ ဗဟိုစစ်ကော်မရှင် (Central Military Commission – CMC) ၏ ဒုတိယဥက္ကဋ္ဌ ဟဲဝေတုန်း အပါအဝင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (People’s Liberation Army – PLA) မှ အရာရှိကြီး (၉) ဦးအား စည်းကမ်းဖောက်ဖျက်မှုနှင့် တာဝန်နှင့်သက်ဆိုင်သည့် ပြင်းထန်သော ရာဇဝတ်မှုများ ကျူးလွန်သည်ဟု စွပ်စွဲခံရခြင်းကြောင့် တရုတ်ကွန်မြူနစ်ပါတီ (Communist Party of China – CPC) မှ ထုတ်ပယ်လိုက်ကြောင်း ဖော်ပြခဲ့သည်။
ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Zhang Xiaogang ၏ သတင်းထုတ်ပြန်ချက်အရ ထုတ်ပယ်ခံရသူများမှာ ဟဲဝေတုန်း အပြင်
CMC ၏ နိုင်ငံရေးလုပ်ငန်းဌာနအကြီးအကဲဟောင်း Miao Hua နှင့် ဒုတိယအကြီးအကဲဟောင်း He Hongjun ၊ CMC ပူးတွဲစစ်ဆင်ရေးကွပ်ကဲမှုဌာန၏ ဒုတိယအကြီးအကဲဟောင်း Wang Xiubin ၊ PLA အရှေ့ပိုင်းစစ်ဆင်ရေးကွပ်ကဲမှုဌာန (Eastern Theater Command) ၏ ကွပ်ကဲရေးမှူးဟောင်း Lin Xiangyang ၊ PLA ကြည်းတပ်၏ နိုင်ငံရေးမှူးဟောင်း Qin Shutong၊ PLA ရေတပ်၏ နိုင်ငံရေးမှူးဟောင်း Yuan Huazhi၊ PLA ဒုံးပျံတပ်ဖွဲ့၏ ကွပ်ကဲရေးမှူးဟောင်း Wang Houbin နှင့် ပြည်သူ့လက်နက်ကိုင်ရဲတပ်ဖွဲ့ (People’s Armed Police Force) ၏ ကွပ်ကဲရေးမှူးဟောင်း Wang Chunning တို့ ဖြစ်ကြသည်။
ထုတ်ပြန်ချက်အရ CPC ဗဟိုကော်မတီနှင့် CMC တို့၏ ခွင့်ပြုချက်ဖြင့် စစ်တပ်၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အကြီးဆုံးအဖွဲ့အစည်းဖြစ်သည့် CMC စည်းကမ်းစစ်ဆေးရေးကော်မရှင် (CMC Discipline Inspection Commission) မှ ၎င်းတို့အား တစ်ဦးပြီးတစ်ဦး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
စုံစမ်းစစ်ဆေးမှုများအရ အဆိုပါ (၉) ဦးသည် ပါတီစည်းကမ်းများကို ပြင်းထန်စွာ ချိုးဖောက်ခဲ့ပြီး တာဝန်နှင့်သက်ဆိုင်သော ပြင်းထန်သည့် ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်ဟု သံသယရှိရကြောင်း၊ ယင်းတို့တွင် ပမာဏကြီးမားသောငွေကြေး ပါဝင်ပြီး “အလွန်အမင်း ပြင်းထန်သော သဘောသဘာဝနှင့် အကျိုးသက်ရောက်မှု ဆိုးရွားခြင်း” ရှိကြောင်း Zhang က ပြောကြားခဲ့သည်။
ပါတီစည်းမျဉ်းများနှင့် နိုင်ငံတော်ဥပဒေများနှင့်အညီ CPC ဗဟိုကော်မတီက အဆိုပါ (၉) ဦးအား ပါတီမှ ထုတ်ပယ်ရန်နှင့် ၎င်းတို့၏ စွပ်စွဲခံရသော ရာဇဝတ်မှုဆိုင်ရာကိစ္စများကို စစ်ဘက်ဆိုင်ရာ အစိုးရရှေ့နေရုံးများသို့ ထပ်မံစစ်ဆေးရန် လွှဲပြောင်းပေးရန် ဆုံးဖြတ်ခဲ့သည်။ CMC ကလည်း ၎င်းတို့၏ စစ်ဘက်ဆိုင်ရာ အဆင့်အတန်း ကို ဖယ်ရှားရန် ယခင်ကတည်းက ဆုံးဖြတ်ခဲ့သည်။
ဤကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းခြင်းသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အဆုံးတိုင်အောင် ဆောင်ရွက်သွားမည့် CPC ဗဟိုကော်မတီနှင့် CMC တို့၏ ခိုင်မာသော ဆုံးဖြတ်ချက်ကို တစ်ဖန် ထပ်မံပြသလိုက်ခြင်းဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
၎င်းအပြင် အဂတိလိုက်စားသူများကို ထိရောက်ပြင်းထန်စွာအရေးယူမှုကြောင့် ပြည်သူ့လက်နက်ကိုင်တပ်ဖွဲ့များသည် “ပိုမိုသန့်ရှင်း၊ ပိုမိုခိုင်မာလာကာ စုစည်းမှုနှင့် တိုက်ခိုက်နိုင်စွမ်း ပိုမိုအားကောင်းလာသည်” ဟု Zhang က ဖြည့်စွက်ပြောကြားခဲ့သည်။
Ref, Financial Times & China Daily
