၁၆. ၁၀. ၂၀၂၅
Translated by Thettant
နိုင်ငံတကာ ချစ်ကြည်ရေးခရီးစဉ်များနှင့် ရေရှည်ပင်လယ်ပြင် လေ့ကျင့်မှုများအတွက် သတ်မှတ်ဖွဲ့စည်းထားသည့် တရုတ်ရေတပ်၏ စစ်သင်္ဘောအုပ်စုသည် တရုတ်နှင့် ထိုင်း နှစ်နိုင်ငံအကြား ဆက်ဆံရေး တိုးမြှင့်ရန်အတွက် ယနေ့ ကြာသပတေးနေ့ နံနက်ပိုင်းတွင် ချွန်ဘူရီပြည်နယ်ရှိ ဆိပ်ကမ်းတစ်ခုသို့ ဆိုက်ကပ်ခဲ့သည်။
ပါဆန်ဟု လူသိများသော အဆိုပါ စစ်သင်္ဘောအုပ်စုသည် စပ်တာဟစ်ခရိုင်ရှိ ချပ်ခ် ဆာမက်ဆိပ်ကမ်းသို့ နံနက် ၉ နာရီခွဲခန့်တွင် ရောက်ရှိလာခဲ့သည်။ တရုတ်ရေတပ်သားများကို ထိုင်းတော်ဝင်ရေတပ်၏ စစ်ရေယာဉ်စုမှူး ဗိုလ်ချုပ်ကြီး ကိုရာဝစ် ချေယာရာသီ၊ စပ်တာဟစ်ဆိပ်ကမ်း ညွှန်ကြားရေးမှူး ရေတပ်ဗိုလ်ချုပ် ဆူရာဖတ် ချာ့ဒ်ပတ်တို့ဦးဆောင်သော ထိုင်းရေတပ်သား ၂၀ ကျော်နှင့် တရုတ်သံအမတ်ကြီး ကျန်းကျန်းဝေတို့က ကြိုဆိုခဲ့ကြသည်။

အဆိုပါ ခရီးစဉ်သည် ရေကြောင်းမောင်းနှင်မှု အတွေ့အကြုံများ တိုးတက်စေရန်နှင့် တရုတ်နှင့် ထိုင်း ရေတပ်အချင်းချင်း ဆက်ဆံရေး ခိုင်မာစေရန် ရည်ရွယ်သည့် တရုတ် ရေတပ်အရာရှိလောင်းစစ်သင်္ဘောသား ၁,၀၀၀ ကျော်အတွက် ရေကြောင်းလေ့ကျင့်ရေး ကဏ္ဍတစ်ခုအနေဖြင့် ပါဝင်သည်။
တရုတ် စစ်သင်္ဘောအုပ်စုတွင် ရေယာဉ်အလေးချိန် တန် ၉,၀၀၀၊ အလျား ၁၆၅ ဒသမ ၃ မီတာနှင့် အမြင့်ဆုံးအမြန်နှုန်းအဖြစ် တစ်နာရီ ရေမိုင် ၂၂ မိုင် သွားလာနိုင်သော အမှတ် ၈၃ လေ့ကျင့်ရေးသင်္ဘော “ချီ ကျီကွမ်း” အပြင် ရေယာဉ်အလေးချိန် တန် ၂၅,၀၀၀၊ အလျား ၂၁၀ မီတာနှင့် အမြင့်ဆုံးအမြန်နှုန်း တစ်နာရီ ရေမိုင် ၂၅ မိုင် သွားလာနိုင်သော အမှတ် ၉၈၈ စစ်သင်္ဘော “ရီ မန်ရှန်း” တို့ ပါဝင်သည်။

ယခုအကြိမ် လာရောက်မှုတွင် တရုတ်စစ်သင်္ဘောအုပ်စုက သင်္ဘောပေါ်သို့ အများပြည်သူ လာရောက်ကြည့်ရှုခွင့် ပေးခဲ့သည့် ပထမဆုံးအကြိမ် ဖြစ်သောကြောင့် အထူးအရေးပါခဲ့သည်။ ထိုင်းပြည်သူများသည် တနင်္ဂနွေနေ့အထိ နေ့စဉ် နံနက် ၁၀ နာရီခွဲမှ ၁၁ နာရီခွဲ နှင့် နေ့လယ် ၂ နာရီခွဲမှ ညနေ ၅ နာရီအထိ သင်္ဘောများကို လှည့်လည်လေ့လာ ကြည့်ရှုနိုင်မည်ဖြစ်သည်။
တနင်္လာနေ့တွင် တရုတ်စစ်သင်္ဘောအုပ်စုသည် စင်ကာပူနှင့် မလေးရှားသို့ မထွက်ခွာမီ နှုတ်ဆက်ပွဲ အခမ်းအနားတစ်ခု ပြုလုပ်ရန် စီစဉ်ထားသည်။ ၎င်းတို့ ရောက်ရှိနေထိုင်စဉ်အတွင်း ရေတပ်နှစ်ခုအကြား ချစ်ကြည်ရေးဖလှယ်မှု လှုပ်ရှားမှုများကို ပြုလုပ်ကြမည်ဖြစ်သည်။
ထိုင်းနိုင်ငံသို့ မရောက်ရှိမီ အောက်တိုဘာ ၁၀ ရက်နေ့တွင် တရုတ်၏ ပါဆန် စစ်သင်္ဘောအုပ်စုသည် ကမ္ဘောဒီးယားနိုင်ငံ ဆီဟာနုဗီလ်ဆိပ်ကမ်း၌ ဆိုက်ကပ်ခဲ့သေးသည်။
Ref. Bangkok Post
