◾️ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးကို မြန်မာဦးဆောင်မှုဖြင့်ရယူပြီး မြန်မာပြည်သူများသာ ၎င်းတို့၏ အနာဂတ်ကို ဆုံးဖြတ်နိုင်ကြောင်းပါ ပြောကြား
၁၆. ၁၀. ၂၀၂၅
Written by Nyein Kyaw
NCA လက်မှတ်ရေးထိုးခဲ့ခြင်းက စာရွက်စာတမ်းတစ်ခုကို လက်မှတ်ရေးထိုးရုံမဟုတ်ဘဲ မြန်မာပြည်သူအားလုံး ပိုင်ဆိုင်နိုင်မည့် အနာဂတ်အတွက် တံခါးတစ်ခု ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ ကိုယ်စားလှယ် Mr. Pisanu Suvanajata က NCA (၁ဝ) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ပြောကြားသည်။
“တကယ်တော့ လွန်ခဲ့တဲ့ဆယ်နှစ်က ဒီခန်းမကြီးထဲမှာပဲ ကျွန်တော်ကိုယ်တိုင် အဲဒီသမိုင်းဝင် အခိုက်အတန့်ကို မျက်မြင်သက်သေအဖြစ် ရှိနေခဲ့ပါတယ်။ သန္နိဋ္ဌာန်ခိုင်မာမှုတွေ၊ စိတ်သက်သာရာရမှုတွေ၊ အကောင်းမြင်စိတ်တွေရှိခဲ့တဲ့ အဲဒီအချိန်ကို ကျွန်တော်အခုထိ အမှတ်ရနေတုန်းပါပဲ။ NCA လက်မှတ်ရေးထိုးခဲ့တာဟာ စာရွက်စာတမ်းတစ်ခုကို လက်မှတ်ရေးထိုးရုံမဟုတ်ပါဘူး။ ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေးနဲ့ မြန်မာပြည်သူအားလုံး ပိုင်ဆိုင်နိုင်မယ့် အနာဂတ်အတွက် တံခါးတစ်ခုဖွင့်လှစ်လိုက်တာလည်းဖြစ်ပါတယ်” ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ ကိုယ်စားလှယ်က ပြောကြားသည်။

ထိုင်းနိုင်ငံအတွက် မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံ သက်သက်မဟုတ်ဘဲ မြန်မာနိုင်ငံသည် ကျွန်တော်တို့၏ မိသားစုဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးသည် ကျွန်တော်တို့၏ ငြိမ်းချမ်းရေးဖြစ်ပြီး မြန်မာနိုင်ငံ၏ သာယာဝပြောရေးသည် ကျွန်တော်တို့၏ သာယာဝပြောရေးပင်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ ကိုယ်စားလှယ်က ပြောကြားသည်။
ထို့ကြောင့် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုများကို ကနဦးအစကတည်းက အမြဲတမ်းထောက်ခံအားပေးခဲ့ကြောင်း၊ ဆက်လက်ပြီးလည်း ဝိုင်းဝန်းထောက်ခံပေးသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ ကိုယ်စားလှယ်က ပြောကြားသည်။
“မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကို မြန်မာဦးဆောင်မှုနဲ့ရယူပြီး မြန်မာကပဲ ပိုင်ဆိုင်ရမယ်လို့ ကျွန်တော်တို့ အခိုင်အမာယုံကြည်ပါတယ်။ မြန်မာပြည်သူတွေသာ သူတို့ရဲ့ အနာဂတ်ကို ဆုံးဖြတ်နိုင်ပါတယ်။ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေနိုင်ငံတစ်နိုင်ငံအဖြစ် ထိုင်းနိုင်ငံဟာ နားထောင်ဖို့၊ ကူညီပေးဖို့နဲ့ အားပေးထောက်ခံဖို့ အမြဲအသင့်ရှိနေမှာ ဖြစ်ပါတယ်” ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ ကိုယ်စားလှယ်က ပြောကြားသည်။
