
သတိုး
၁၄. ၁၀. ၂၀၂၅
ရုရှားနိုင်ငံတွင်၂၀၁၃ ခုနှစ်ကတည်းက စိန်တူးဖော်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် ဗလာဒီမာ ဂရစ်ဘ် (Vladimir Grib) သတ္တုသိုက်တွင် ကမ္ဘာကျော် စိန်ကြီး
တစ်လုံးကို ထပ်မံ တူးဖော် တွေ့ရှိခဲ့သည်။
ရုရှားနိုင်ငံ၏ အနောက်မြောက်ဖက် ဖက်ဒရယ်ခရိုင် (North-West Federal District) တွင် ပါဝင်သည့် အာခန်ဂဲလ်စက်ဒေသတွင် ကာရက် ၃၄၀ အလေးချိန်ရှိ ကြီးမား ရှားပါးသော စိန်တစ်လုံးကို တူးဖော်ရရှိခဲ့ခြင်းဖြစ်ပြီး ကျွမ်းကျင်သူများက ဤကျောက်ကို ခေတ်သစ်ရုရှားသမိုင်းတွင် တွေ့ရှိခဲ့သည့် အကြီးဆုံး စိန်ငါးလုံးစာရင်း၌ ထည့်သွင်း ဖော်ပြခဲ့သည်။
ရရှိသောအချက်အလက်များအရ စိန်တုံး၏ အရွယ်အစားမှာ ၅၀ x ၃၉.၄ x ၂၄.၈ မီလီမီတာ ရှိပြီး စက်မှုလုပ်ငန်းအဆင့် တူးဖော်ရေးကာလအတွင်း တွေ့ရှိခဲ့သည့် Natural crystal of carbon များထဲ အကြီးဆုံးစိန်တုံးတစ်ခု ဖြစ်သည်။ အချက် အလက်များအရ ဤရှားပါးစိန်တုံးသည် အလွန်သန့်စင်ပြီး ကြည်လင်မှု မြင့်မားကာ ၎င်း၏ သဘာဝ ကျောက်သလင်းဖွဲ့စည်းပုံ (Crystal form)သည် အလွန်တည်ငြိမ်လှပသည်။
”ကျွမ်းကျင်သူတွေက ဒီကျောက်သလင်းကို ရှားပါးစိန်အဖြစ် သတ်မှတ်ပါတယ်။ သူ့ရဲ့ သန့်စင်မှုနဲ့ ကြည်လင်မှုဟာ သဘာဝမှာ အလွန်ရှားပါးပြီး အဲဒီလို စိန်တုံးမျိုးတွေဟာ သဘာဝစိန်တွေထဲ ၂ ရာခိုင်နှုန်းသာ ရှိပါတယ်” ဟု အာခန်ဂဲစက်ဒေသအုပ်ချုပ်ရေးမှူး အလက်ဇန္ဒား စိုင်ဘူစကီး (Alexander Tsybulsky) က တနင်္လာနေ့တွင် ပြောကြားသည်။
ရုရှားစိန်တူးဖော်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် အေဂျီဒီ ဒိုင်းမွန်းစ် (AGD Diamonds) က လုပ်ကိုင်နေသည့် ဗလာဒီမာ ဂရစ်ဘ် (Vladimir Grib) သတ္တုတွင်းသည် ရုရှားရှိ အကြီးဆုံး စက်မှုလုပ်ငန်းဆိုင်ရာ အဆောက်အအုံများထဲမှ တစ်ခုဖြစ်ပြီး နှစ်စဉ်ထုတ်လုပ်မှုသည် နိုင်ငံကို ဦးဆောင်နေသည်။
သမိုင်းမှတ်တမ်းများအရ ကမ္ဘာပေါ်တွင် တွေ့ရှိခဲ့သည့် အကြီးဆုံးစိန်မှာ “ကူလီနန်” (Cullinan) ဟုခေါ်သော စိန်တုံးဖြစ်ပြီး ၁၉၀၅ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့က တောင်အာဖရိကတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ကာရက် ၃၁၀၆ အလေးချိန်ရှိသော ထိုစိန်တုံးကို နောက်ပိုင်းတွင် “အာဖရိက၏ ကြယ်ပွင့်” (Star of Africa) ဟု ခေါ်တွင်ခဲ့သည်။
Ref, Zamin & Xinhua
