◾️ အမျိုးသားယဉ်ကျေးမှုဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ တိုင်းရင်းသားလူမျိုးတို့၏ အသက်တမျှ အရေးတကြီးထိန်းသိမ်းကြရမည့် အမွေအနှစ်များပင်ဖြစ်ကြောင်း ယာယီသမ္မတ ပြောကြား
၁၃. ၁၀. ၂၀၂၅
Written by Nyein Kyaw
အမျိုးသားယဉ်ကျေးမှုဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ တိုင်းရင်းသားလူမျိုးတို့၏ အသက်တမျှ အရေးတကြီးထိန်းသိမ်းကြရမည့် အမွေအနှစ်များပင်ဖြစ်ပြီး အမျိုးသားယဉ်ကျေးမှု မြင့်မားလေလေ နိုင်ငံနှင့်လူမျိုး၏ အဆင့်အတန်းသည်လည်း မြင့်မားလာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ကျင်းပသည့် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ပြောကြားသည်။
အမျိုးသားယဉ်ကျေးမှုဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ တိုင်းရင်းသားလူမျိုးတို့၏ အသက်တမျှ အရေးတကြီးထိန်းသိမ်းကြရမည့် အမွေအနှစ်များပင်ဖြစ်ကြောင်း၊ အမျိုးသားယဉ်ကျေးမှု မြင့်မားလေလေ၊ နိုင်ငံနှင့်လူမျိုး၏ အဆင့်အတန်းသည်လည်း မြင့်မားလေလေဖြစ်ပြီး ကမ္ဘာ့အလယ်တွင် ထည်ထည်ဝါဝါ ရပ်တည်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့၏ ကိုယ်ပိုင်အမျိုးသားရေး ဝိသေသလက္ခဏာ၊ ပင်ကိုယ်တန်ဖိုးနှင့် အဆင့်အတန်းတိုကို အမျိုးသားယဉ်ကျေးမှုကတစ်ဆင့်သာ ဖော်ညွှန်းပြဆိုကြရခြင်းဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။

ထို့ကြောင့် မိမိနိုင်ငံ၊ မိမိလူမျိုး၏ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ ပြောဆိုနေထိုင်ကျင့်ကြံမှု၊ တွေးခေါ်မြော်မြင်မှုနှင့် စိတ်နေစိတ်ထားတို့ ယဉ်ကျေးသိမ်မွေ့စေရအောင်၊ အဆင့်အတန်း မြင့်မားစေရအောင် နိုင်ငံတိုင်းသည် မိမိတို့၏ အမျိုးသားယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက် မြှင့်တင်ပေးခြင်းအားဖြင့် ပုံဖော်ပျိုးထောင်ပေးကြရမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
မိမိတို့ မြန်မာလူမျိုးများသည် ကိုယ်ပိုင်အမျိုးသားရေး စရိုက်လက္ခဏာများ၊ အဆင့်အတန်းမြင့်မားသည့် ကိုယ်ပိုင်အမျိုးသားယဉ်ကျေးမှုများ၊ နက်ရှိုင်းသိမ်မွေ့သည့် ယဉ်ကျေးမှုဓလေ့စရိုက်နှင့် အတွေးအခေါ်အယူအဆများ ၊ လူမှုကျင့်ဝတ်စည်းကမ်းများ၏ ဂုဏ်ကျေးဇူးများကြောင့် သမိုင်းအစဉ်အဆက်တွင် ကျက်သရေရှိရှိ ရပ်တည်ထွန်းပြောင်နိုင်ခဲ့သည့် အစဉ်အလာကောင်းများရှိထားပြီးဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
မိမိတို့အနေဖြင့် အဆိုပါ ကောင်းမြတ်သည့် အတိတ်အစဉ်အလာများ၊ ကောင်းမွေများကို တည်တံ့တိုးပွားအောင် ထိန်းသိမ်းမြှင့်တင်ရင်း ပစ္စုပ္ပန်ကာလ၏ အခွင့်အလမ်းကောင်းများနှင့် ပေါင်းစပ်ပြီး အနာဂတ်မျိုးဆက်သစ်လူငယ်များအတွက် အခြေခံကောင်း အမွေခံကောင်းများ ထားရစ်ခဲ့နိုင်ရန် ကြိုးပမ်းကြရမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။





အဆိုပါ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး၊ အတီး ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင် ၁၆၇၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုတံဆိပ်ရရှိမှုများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးမှ ၅၉ ဆု၊ မန္တလေးတိုင်းဒေသကြီးမှ ၄၇ ဆု၊ ဧရာဝတီတိုင်းဒေသကြီးမှ ၃၇ ဆု၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ၃၃ ဆု၊ ပဲခူးတိုင်းဒေသကြီးမှ ၂၂ ဆု၊ မွန်ပြည်နယ်မှ ၂၁ ဆု၊ မကွေးတိုင်းဒေသကြီးမှ ၁၄ ဆု၊ ကယား ပြည်နယ်မှ ၁၇ ဆု၊ ရှမ်းပြည်နယ်မှ (၁၃)ဆု၊ ရခိုင်ပြည်နယ်မှ ၁၀ ဆု၊ ကရင်ပြည်နယ်မှ ၁၂ ဆု၊ တနင်္သာရီတိုင်းဒေသကြီးမှ ၁၃ ဆု၊ ချင်းပြည်နယ်မှ ၁၀ ဆုနှင့် ကချင်ပြည်နယ်မှ ၅ ဆု ရရှိခဲ့ကြကြောင်း သိရသည်။
