

၁၃. ၁၀. ၂၀၂၅
Translated by Thettant
ပြီးခဲ့သည့်သောကြာနေ့ နံနက် ၉ နာရီခန့်က ရိုမန်ကတ်သလစ်ဘာသာဝင်တို့ အထွတ်အမြတ်ပုဂ္ဂိုလ် ပုပ်ရဟန်း မင်းကြီးစံမြန်းရာ ဗာတီကန်မြို့ပြနိုင်ငံ (Vatican City) အတွင်း ကိုးကွယ်ယုံကြည်သူများ ဝတ်ပြုနေစဥ် အမြင့်မြတ်ဆုံးနေရာဖြစ်သည့် ပူဇော်ရာပလ္လင် (Altar) ပေါ် လူတစ်ဦး ကျင်ငယ်စွန့်နေသည့် ဗီဒီယိုဖိုင် ပေါ်ထွက်လာသည်ကို တွေ့မြင်ရပြီးနောက် ပုပ်ရဟန်းမင်းကြီး လီယို – ၁၄ (Pope Leo XIV) သည်ပင် ထိတ်လန့်အံ့သြခဲ့ရသည်။
ထိုဗီဒီယိုတွင် ကျူးလွန်သူ အပေါ့စွန့်ခဲ့သည့် ဗာတီကန်နန်းတော်မှ စိန့်ပီတာ ဘာဆီလီကာ (St Peter’s Basilica) နေရာရှိ ဝန်ခံချက်ပလ္လင် (Altar of Confession) ၏ အပေါ်ဆုံးနေရာတွင် လူတစ်ဦးကို တွေ့မြင်ရသည်။ ထိုနေရာသည် ပုပ်ရဟန်းမင်းကြီးများ ပုံမှန်လိုလို ဝတ်ပြုပွဲပြုလုပ်သည့် နေရာဖြစ်သည်။ ထို့နောက် ထိုသူသည် ဘောင်းဘီကို ခြေကျင်းဝတ်အထိ ချွတ်ချကာ ဆီးစတင်သွားခဲ့သည်ကို တွေ့ရသည်။
ထိုသူသည် အပေါ့စွန့်နေချိန် ရဲများလာဖမ်းသော်လည်း ကိစ္စပြီးအောင် လုပ်ခဲ့သလို ရဲများဖမ်းဆီးနေသည့်ကြားမှ ဘောင်းဘီကို ပြန်ဝတ်စဉ်တွင် ရာနှင့်ချီသော လေ့လာသူများနှင့် ကိုးကွယ်သူများကို ထပ်မံ၍ တင်ပါးနှင့်မတော်ရာပေါ်အောင် ကုန်းကာ ဘောင်းဘီပြန်ဝတ် ပြခဲ့ပြီးမှ အရပ်ဝတ်ရဲများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ကိုလည်း ရုပ်သံတွင် တွေ့မြင်ရသည်။
အီတလီထုတ် သတင်းစာ Corriere della Sera က ထိုသတင်းက ပုပ်ရဟန်းမင်းကြီး လီယို – ၁၄ ထံ ရောက်ရှိခဲ့ပြီး ကိုယ်တော်သည် ထိုဖြစ်ရပ်ကြောင့် ထိတ်လန့်အံ့သြခဲ့ကြောင်း ဖော်ပြခဲ့သည်။
ဗာတီကန် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အီတလီသတင်းအေဂျင်စီ ANSA သို့ “ဒါဟာ စိတ်ပိုင်းဆိုင်ရာ ဆိုးရွားတဲ့ မသန်မစွမ်းမှုရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့ ဖြစ်ရပ်ပါပဲ။ ဗာတီကန် ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး အီတလီအာဏာပိုင်တွေရဲ့ လက်ထဲ အပ်နှံလိုက်ပါပြီ” ဟု ပြောကြားခဲ့သည်။
စိန့်ပီတာ ဘာဆီလီကာသည် ဗာတီကန်နန်းတော်ရှိ ရိုမန်ကက်သလစ်ချာ့ချ်၏ အမြင့်မြတ်ဆုံး နေရာများထဲမှ တစ်ခုဖြစ်သည်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် (Pope Francis) ကိုပင် ၎င်း၏ ဈာပနမတိုင်မီ လူအများ လာရောက်ကြည့်ရှုနိုင်ရန် ထိုဘာဆီလီကာတွင် ထားရှိခဲ့သည်။
ယခုနှစ် အစောပိုင်းကလည်း လူတစ်ဦးသည် ပင်မပူဇော်ရာပလ္လင်ပေါ် တက်ရောက်ကာ ဖယောင်းတိုင်ခြောက်တိုင်နှင့် ပလ္လင်ပိတ်စကို ပစ်ချခဲ့သေးသည်။
New York Post သတင်းစာအရ ၂၀၂၃ ခုနှစ် ဇွန်လတွင် ပိုလန်လူမျိုးတစ်ဦးသည် ကိုယ်လုံးတီးဖြင့် Vatican City မှ ပူဇော်ရာပလ္လင်ပေါ် ခုန်တက်ခဲ့သည်။ ထိုသူသည် ထို့ထက်ပို၍ များများစားစား မပြော၊ မလုပ်ခဲ့သော်လည်း ၎င်း၏ ကျောပေါ်တွင် “ယူကရိန်းကလေးငယ်များကို ကယ်တင်ပါ” ဟူသော စာသားကို ရေးခြစ်ထားခဲ့သည်။
Ref, Stuff
