သက်တန့်
၁၃. ၁၀. ၂၀၂၅
မြန်မာနိုင်ငံသား ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင် ပတ်သက်သူ ၉ ဦးကို ဖူးခက်ကျွန်းပေါ်ရှိ အစ္စရေးစီးပွားရေးသမားတစ်ဦးအတွက် အိမ်များ တရားမဝင် ဆောက်လုပ်ပေးမှုဖြင့် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။
ဒေသခံ ခရီးသွားရဲတပ်ဖွဲ့၏ အဆိုအရ ဆောက်လုပ်ရေးလုပ်ငန်းလုပ်သူ မြန်မာနိုင်ငံသား ၃ ဦးသည် အစ္စရေးစီးပွားရေးသမားတစ်ဦးအတွက် တစ်လုံးလျှင် ဘတ် ၇ သန်းတန် အိမ် ၇ လုံးကို ဆောက်လုပ်ရန်အတွက် စာချုပ်ချုပ်ဆိုထားခြင်း ဖြစ်သည်။ ကျန် ၆ ဦးကို ဘန်နိုင်ဝုတ်ရှိ အဆိုပါအိမ်များတွင် လျှပ်စစ်ဝါယာကြိုးများ တပ်ဆင်ရန် ငှားရမ်းထားခြင်း ဖြစ်သည်။
၎င်းတို့ကို ယမန်နေ့ တနင်္ဂနွေနေ့တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး၊ တောင်ပိုင်းခရီးသွားကျွန်းပေါ်ရှိ ထိုင်းကန်ထရိုက်တာများက နိုင်ငံခြားသားများ၏ တရားမဝင် ယှဉ်ပြိုင်မှုများအတွက် တိုင်ကြားမှုများကို တုံ့ပြန်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ဆောက်လုပ်ရေး ကန်ထရိုက်တာလုပ်ငန်းသည် ထိုင်းနိုင်ငံသားများအတွက်သာ သီးသန့် သတ်မှတ်ထားသော အလုပ် အကိုင်များထဲမှ တစ်ခုဖြစ်သည်။
ရဲတပ်ဖွဲ့က ၎င်းတို့သည် ထိုင်းဆောက်လုပ်ရေးကုမ္ပဏီတစ်ခု၏ ဝန်ထမ်းများအဖြစ် မှတ်ပုံတင်ထားသော်လည်း ထို ထိုင်းကုမ္ပဏီ၏ စီမံခန့်ခွဲမှုက အဆိုပါ အိမ် ၇ လုံးကို ဆောက်လုပ်ရန် စာချုပ်ချုပ်ဆိုထားခြင်းမရှိဟု ပြောကြောင်း ဆိုသည်။
ဖူးခက်ခရိုင် အကြီးအကဲ ဆူရီယာ ဘွန်ဖန်က အစ္စရေးလ်နိုင်ငံသား ၂,၆၂၇ ဦးကို ဖူးခက်ကျွန်းတွင် ရေတိုနှင့် ရေရှည် ဗီဇာ နှစ်မျိုးလုံးဖြင့် နေထိုင်ခွင့်ပြုထားကြောင်း ပြောကြားခဲ့သည်။ ၎င်းတို့ထဲမှ ၁၈၁ ဦးကို စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ရေရှည်နေထိုင်ခွင့် ပေးထားကြောင်း ၎င်းက ပြောသည်။
Ref, Bangkok Post
