
၁၃.၁၀.၂၀၂၅
Translated by Htwe Ko Tun
အီဂျစ်နိုင်ငံ၊ ရှမ်အယ်လ်ရှိတ် အပန်းဖြေမြို့မှာ ကျင်းပမယ့် ငြိမ်းချမ်းရေး ထိပ်သီးအစည်းအဝေးကို သွားရောက်စဉ်မှာ အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က ဂါဇာကမ်းမြောင် စစ်ပွဲကပြီးဆုံးသွားခဲ့ပါပြီလို့ သတင်းစာဆရာတွေကို အောက်တိုဘာလ ၁၂ ရက်မှာ အခိုင်အမာ ပြောကြားခဲ့ပါတယ်။
Air Force One လေယာဉ်ပေါ်ရှိ သတင်းထောက်တစ်ဦးကို တုံ့ပြန်ရာမှာ ထရမ့်ပ်က အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီသတင်းထောက်က အစ္စရေးဝန်ကြီးချုပ် ဘင်ဂျာမင်နေတန်ယာဟု ကတော့ ဟားမားစ်အုပ်စုနဲ့ စစ်ပွဲကပြီးသွားပြီလို့ မပြောခဲ့သေးဘူးဆိုတဲ့မှတ်ချက်ကို ပြောခဲ့ပါတယ်။
ထရမ့်ပ် ကတော့ “စစ်ပွဲပြီးသွားပြီ”၊ “စစ်ပွဲကပြီးပါပြီ” လို့ ထပ်ခါထပ်ခါပြောခဲ့ပါသေးတယ်။ သူ က “ခင်ဗျားတို ဒါကို နားလည်ကြရဲ့လား?” လို့ ဆိုခဲ့ပါတယ်။
ဒါ့ပြင် ထရမ့်ပ်က “အပစ်အခတ်ရပ်စဲရေးကို ဆက်လက်ထိန်းသိမ်းထားနိုင်မယ်လို့ ယုံကြည်တယ်။ လူတွေမှာလည်း ပင်ပန်းလှပြီထင်ပါတယ်” လို့ ပြောခဲ့ပါသေးတယ်။
ဟားမားစ်တို့က ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်မှာ အစ္စရေးနိုင်ငံတောင်ပိုင်းကို ဝင်ရောက် တိုက်ခိုက်ခဲ့တာမှာ လူ ၁,၂၀၀ ခန့် သေဆုံးခဲ့ရပါတယ်။ အစ္စရေးကလည်း ဂါဇာဒေသကို နှစ်နစ်ကြာ တုံ့ပြန်တိုက်ခိုက်ခဲ့ရာမှာ ပါလက်စတိုင်း ၆၀,၀၀၀ ကျော်သေဆုံးခဲ့တယ်လို့ ဂါဇာကမ်းမြောင်ရဲ့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။ ဒါပေမယ့် ခန့်မှန်းချက်အများအပြားကတော့ ဒီထက်ပိုလို့များပြားနေတယ်ဆိုကြပါတယ်။
သမ္မတထရမ့်ပ်က ပထမဆုံးအစ္စရေးနိုင်ငံကိုသွားရောက်ခါ အီဂျစ်ကို ခရီးမဆက်ခင် ဓားစာခံတွေရဲ့မိသားစုတွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ အောက်တိုဘာလ ၁၃ ရက် မွန်းလွဲပိုင်းမှာ အစ္စရေးနဲ့ ဟားမားစ်တို့ အကြားငြိမ်းချမ်းရေးသဘောတူညီချက်လက်မှတ်ရေးထိုးဖို့ ငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးပွဲတက်ဖို့ အီ ဂျစ်နိုင်ငံကို ဆက်လက်ခရီးဆက်မှာပါ။
အစ္စရေးက ဓားစာခံတွေအနက် ၂၀ ဦးလောက်ကိုတော့ အောက်တိုဘာလ ၁၃ ရက်မှာ ဟားမားစ်တွေက အသက်ရှင်လျက်ပြန်လည်လွှတ်ပေးမယ်လို့မျှော်လင့်ထားတယ် ဆိုပါတယ်။ သေဆုံးနေပြီဖြစ်တဲ့ ဓားစာခံ ၂၈ ဦးရဲ့ အလောင်းကိုလည်း ပြန်လွှဲပေးရမယ်လို့ သိရပါတယ်။ အစ္စရေးကလည်း ပါလက်စတိုင်း အကျဉ်းသားနဲ့ ဖမ်းဆီးထားသူ ၂,၀၀၀ လောက်ကို ပြန်လွှတ်ပေးမှာဖြစ်ပါတယ်။
၇၂ နာရီအတွင်း သေဆုံးသွားတဲ့ ဓားစာခံတွေကို ပြန်လည်လွှဲပြောင်းမပေးခဲ့ရင် သူတို့ ဘယ်မှာရှိနေလဲဆိုတာ ရှာဖွေဖို့ နိုင်ငံတကာအဖွဲ့တစ်ဖွဲ့က စတင်လုပ်ဆောင်သွားမယ်လို့ ပျောက်ဆုံးနေသော ဓားစာခံများနှင့် ပျောက်ဆုံးသူများ အတွက် အစ္စရေး၏ ညှိနှိုင်းရေးမှူး ဂါလ် ဟတ်ရှ် Gal Hirsch က ပြောခဲ့ပါတယ်။
Ref- DW
