၁၃. ၁၀. ၂၀၂၅
Translated by Thettant
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့သည် မြန်မာနယ်စပ်နှင့်ထိစပ်နေသည့် ချမ်ဖိုင်းမြို့ရှိ ချူန်းတေးရပ်ကွက်အနီးတွင် ယမန်နေ့ တနင်္ဂနွေနေ့ နံနက်ပိုင်း အစောပိုင်းအချိန်က ဟီးရိုးအင်း ၁ ဒသမ ၆၂၇ ကီလိုဂရမ်နှင့်အတူ မူးယစ်ဆေးဝါးမှောင်ခိုကူးသည်ဟု သံသယရှိရသည့် မြန်မာနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။
ထိုဖြစ်စဥ်အပေါ် မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့၏ ချမ်ဖိုင်းခရိုင်ရဲတပ်ဖွဲ့ အကြီးတန်းအရာရှိက ချမ်ဖိုင်းမြို့မှတစ်ဆင့် Times Of India သို့ ဖုန်းဖြင့် ဆက်သွယ်ပြောကြားရာတွင် ရူးပီး ၄၉ သိန်းနီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်း၊ လက်ပံချောင်းရွာမှ လာယ်ဗူးလ်မ်ဝီယာ (၄၂ နှစ်) (ယခု ချမ်ဖိုင်းခရိုင်၊ ဇို့ခေါ်ရ်သာတွင် နေထိုင်သူ) နှင့် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ ခေါ်သ်လီးရ်တွင် နေထိုင်စသူ လားလ်ရူအက်ဆူးမား (၃၄ နှစ်) တို့နှစ်ဦးထံမှ သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။
မူးယစ်ဆေးနှင့်အတူ ဖမ်းမိသည့် မြန်မာနိုင်ငံသားနှစ်ဦးစလုံးကို ဖမ်းဆီးခဲ့ပြီး ဟီးရိုးအင်း မှောင်ခိုကူးရန် အသုံးပြုသည်ဟု စွပ်စွဲခံရသည့် လားလ်ရူအက်ဆူးမား ပိုင်ဆိုင်သော စကူတာဆိုင်ကယ်ကိုလည်း သိမ်းဆည်းရမိခဲ့သည်။
စွပ်စွဲခံရသူနှစ်ဦးကို ချမ်ဖိုင်းရဲစခန်းတွင် ၁၉၈၅ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ပစ္စည်းများဥပဒေ (NDPS Act) ပုဒ်မ ၂၁(ဂ)/၂၅/၂၉ နှင့် ၂၀၂၅ ခုနှစ် လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံခြားသားများဆိုင်ရာ ဥပဒေ ပုဒ်မ ၂၁ တို့ဖြင့် ပေါင်းစပ်ကာ အမှုဖွင့်ထားသည်။ ၎င်းတို့ကို တနင်္ဂနွေနေ့တွင် ချမ်ဖိုင်းရှိ ခရိုင်တရားရုံးသို့ တင်ပြခဲ့ရာ နောက်ထပ်စုံစမ်းစစ်ဆေးမေးမြန်းမှုများအတွက် ၇၂ နာရီကြာ ထိန်းသိမ်းထားရန် ရဲတပ်ဖွဲ့ထံ အပ်နှံခဲ့သည်။
ယခု ဖမ်းဆီးမှုသည် ပြည်နယ်အစိုးရမှ စက်တင်ဘာလ ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံမှ မူးယစ်ဆေးဝါးမှောင်ခိုကူးမှုကို၊ အထူးသဖြင့် ချမ်ဖိုင်းခရိုင်ရှိ ဝင်ပေါက် ၂၂ ခုမှတစ်ဆင့် ဝင်ရောက်လာမှုကို ပစ်မှတ်ထားသည့် လေးလကြာလုပ်ဆောင်မည့် ဂျေရီချို စစ်ဆင်ရေး (Operation Jericho) ကို စတင်ဆောင်ရွက်နေချိန်နှင့် တိုက်ဆိုင်နေသည်။
ဂျေရီချို စစ်ဆင်ရေးကို မီဇိုရမ်ပြည်နယ်အစိုးရမှ ပြည်ထဲရေးဝန်ကြီး ကေ ဆပ်ဒန်ဂါ (K Sapdanga) ၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ရဲတပ်ဖွဲ့၊ အခွန်နှင့် မူးယစ်ဆေးဝါးဌာနနှင့် Young Mizo Association (YMA) ဗဟိုကော်မတီတို့ ပူးပေါင်းပါဝင်ကာ စတင်ခဲ့ခြင်းဖြစ်သည်။ ပြည်နယ်ရဲအရာရှိများနှင့် YMA ဗဟိုခေါင်းဆောင်များသည် ချမ်ဖိုင်းခရိုင်၊ မြန်မာနယ်စပ်ဒေသရှိ မူးယစ်ဆေးဝါးမှောင်ခိုကူးသူများ ဝင်ရောက်သည့်နေရာများကို ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့ပြီး ဒေသခံလူမှုအဖွဲ့အစည်းဝင်များ၏ အကူအညီဖြင့် ရဲဝန်ထမ်းများကို ချထားခဲ့သည်။ ထို့အပြင် ပြည်နယ်အခွန်နှင့် မူးယစ်ဆေးဝါးဌာန အရာရှိများသည် အများပြည်သူ၏ လုံခြုံရေးကို အာမခံနိုင်ရန် လမ်းမများပေါ်ရှိ မူးယစ်ဆေးစွဲသူများကို နှိမ်နင်းရန် တာဝန်ပေးအပ်ထားသည်။
Ref, TOI
