◾ အမေရိကန်အစိုးရယန္တရား ရပ်ဆိုင်းမှုကြောင့် စစ်မှုထမ်းမိသားစုများ စိုးရိမ်ပူပန်နေချိန် လစာပေးမည်ဟု ထရမ့်ပ်က ကတိပြုခဲ့သော်လည်း စစ်မှုထမ်းမိသားစုများအကြား ဖိစီးမှုများ ပိုမို ပေါ်ပေါက်လာ

သတိုး
၁၃. ၁၀. ၂၀၂၅
အမေရိကန်၏ ကမ္ဘာ့အကြီးဆုံး ရေတပ်အခြေစိုက်စခန်းဖြစ်သော Naval Station Norfolk အနီးရှိ စစ်မှုထမ်းမိသားစုများအတွက် ရည်ရွယ်သည့် အစားအသောက်ဘဏ်တစ်ခုတွင် Bashtye Bailey သည် နွေးထွေးသော အောက်တိုဘာနေရောင်အောက်၌ အချိန်အတန်ကြာ ရပ်စောင့်နေခဲ့သည်။ သူမသည် လတ်ဆတ်သော ဟင်းသီးဟင်းရွက်၊ ကြက်သားနှင့် ကြက်ဥများ အခမဲ့ ရရှိရန် သူမ၏အလှည့်ကို စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။
ရေတပ်အရာရှိ၏ ဇနီးနှင့် စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သည့် Bailey သည် လာမည့် ဗုဒ္ဓဟူးနေ့တွင် ၎င်းတို့၏လစာကို မရရှိပါက တောင့်ခံနိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေခဲ့သည်။ ထိုစိုးရိမ်မှုသည် နိုင်ငံရေးအရ အခက်အခဲနှင့် အကျိုးဆက်ကြီးမားလာမည့် အနေအထားရှိနေသောကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်သည် လာမည့်အပတ်တွင် စစ်မှုထမ်းလစာများ ဆက်လက်ပေးချေနိုင်ရေး အခြားရန်ပုံငွေများ ရှာဖွေပေးရန် စနေနေ့တွင် ကာကွယ်ရေးဝန်ကြီးဌာနကို အမိန့်ပေးခဲ့သည်။
”ကျွန်မတို့က အချို့သော အရာတွေနဲ့ အချို့သော ကုန်ကျစရိတ်တွေကို လျှော့ချထားပြီးသားပါ” ဟု Bailey က ပြောခဲ့သလို ၎င်း၏ခင်ပွန်းလစာသည် တစ်လအတွက် လုံလောက်ရုံသာ ရှိကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
◾ ထရမ်ပ့်အစိုးရ ကြုံတွေ့နေကြ အစိုးရယန္တရား ရပ်ဆိုင်းမှု

အမေရိကန်ကွန်ဂရက်၏ ဘဏ္ဍာငွေထောက်ပံ့ရေးဥပဒေကြမ်း အတည်မပြုနိုင်မှုကြောင့် အောက်တိုဘာ ၁ ရက်မှစတင်ခဲ့သော ထရမ့်ပ်အစိုးရ ယန္တရား ရပ်ဆိုင်းမှုသည် စစ်မှုထမ်းများနှင့် ဖက်ဒရယ်ဝန်ထမ်းများအတွက် အလုပ်ထုတ်ခံရမှု၊ ခွင့်မဲ့အနားယူရမှုနှင့် အလုပ်နေရာပြောင်းရွှေ့ခံရမှုများဖြင့် ပြည့်နှက်နေသော ဆိုးရွားသည့်တစ်နှစ်တာ ကာလအပြီးတွင် နောက်ဆုံးပေါ် ခက်ခဲသော အခြေအနေတစ်ရပ်ဖြစ်လာခဲ့သည်။ အရပ်သားဝန်ထမ်းအချို့၏ လစာများသည် သောကြာနေ့ကတည်းက ရပ်တန့်သွားခဲ့ပြီး ထရမ့်ပ်၏ အရေးတယူဆောင်ရွက်မှု အသက်မဝင်ပါက တက်ကြွစွာ တာဝန်ထမ်းဆောင်နေသည့် စစ်မှုထမ်း ၁ ဒသမ ၃ သန်းသည်လည်း ဤအပတ်တွင် နောက်ဆက်တွဲအဖြစ် တာဝန်ထမ်းဆောင်မှု ရပ်တန့်သွားဖွယ်ရှိသည်။
လစာများ လွဲချော်မည်ဆိုသည့် ခြိမ်းခြောက်မှုက အစိုးရ ယန္တရားကို ပြန်လည် လည်ပတ်ရန်အတွက် ကွန်ဂရက်နှင့် အိမ်ဖြူတော်ကို ညှိနှိုင်းမှုတစ်ခု ရောက်ရှိအောင် တွန်းအားမပေးနိုင်သေးသည့် အချိန်တွင် ထရမ့်ပ်သည် လာမည့် အောက်တိုဘာ ၁၅ ရက်နေ့တွင် စစ်သည်များကို လစာပေးရန်အတွက် အစိုးရအဖွဲ့က “ရန်ပုံငွေများ သတ်မှတ်နိုင်ခဲ့သည်” ဟု ယနေ့ စနေနေ့တွင် ပြောကြားခဲ့သည်။
စစ်မှုထမ်းလစာများအတွက် ရန်ပုံငွေများကို ပင်တဂွန်၏ နှစ်နစ်တာ အသုံးပြုနိုင်သည့် ရှိနှင့်ပြီး သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေမှ ထုတ်ယူမည်ဖြစ်ကြောင်း အိမ်ဖြူတော် စီမံခန့်ခွဲမှုနှင့် ဘတ်ဂျက်ရုံး (White House Office of Management and Budget) မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
လွှတ်တော်အမတ်များအကြား တိုးပွားလာနေသော နှစ်ပါတီပူးပေါင်းအဖွဲ့သည် အစိုးရယန္တရားရပ်ဆိုင်းမှူကာလအတွင်း စစ်သည်များကို လစာပေးချေရန်အတွက် သီးခြားဥပဒေကြမ်းတစ်ရပ်ကို အတည်ပြုရန် ကွန်ဂရက်ခေါင်းဆောင်များကို တိုက်တွန်းခဲ့သော်လည်း အောင်မြင်မှုမရခဲ့ပေ။
အမေရိကန်အစိုးရယန္တရားရပ်ဆိုင်းမှုသည် Hampton Roads ဒေသအတွက် စီးပွားရေးအရ အသက်သွေးကြောဖြစ်သည့် ဗာဂျီးနီးယားပြည်နယ် အရှေ့တောင်ပိုင်းတစ်လျှောက်၌ ဒေါသနှင့် စိုးရိမ်ပူပန်မှုတို့၏ လက္ခဏာများသည် စကားဝိုင်းများတွင် ပဲ့တင်ထပ်နေသည်။ ထိုဒေသတွင် တက်ကြွစွာ တာဝန်ထမ်းဆောင်နေသည့် စစ်မှုထမ်း ၈၅,၀၀၀၊ ဖက်ဒရယ်အရပ်သားဝန်ထမ်း ၅၈,၀၀၀ နှင့် ရေတွက်မရနိုင်သော အစိုးရ ကန်ထရိုက်တာများ ရှိကြသည်။
နိုင်ငံတော်၏မြို့တော်မှ တောင်ဘက် မိုင် ၂၀၀ ခန့်အကွာတွင်ရှိသော ဤနေရာ၌ ချက်ချင်းပေါ်ပေါက်လာသည့် နောက်ဆက်တွဲဆိုးကျိုးများသည် နိုင်ငံရေးထက် လက်တွေ့ကျသည်။ ကျန်းမာရေးစောင့်ရှောက်မှု ပရီမီယံနှုန်းများ မြင့်တက်လာခြင်းနှင့် အမေရိကန်အစိုးရယန္တရားရပ်ဆိုင်းမှု ကြာရှည်လာသည်နှင့်အမျှ “ထရမ့်ပ်နှင့် ရီပတ်ဘလစ်ကန်များ” သို့မဟုတ် “ဒီမိုကရက်များ” မည်သူသည် ပို၍ အပြစ်တင်ထိုက်သည်ဆိုသည့် ငြင်းခုန်မှုများသည် ဒေသခံလူထု၏ စီးပွားရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများဖြင့် လွှမ်းမိုးနေသည်။
စစ်မှုထမ်းမိသားစုများက အမေရိကန်အစိုးရယန္တရားရပ်ဆိုင်းမှု၏ ပြင်းထန်သော ဒဏ်ကို ခံနိုင်ရည်ရှိစေရန် ပြင်ဆင်နေကြသည်။ နော်ဖော့ခ်မြို့ရှိ Old Dominion University မှ စီးပွားရေး ပါမောက္ခ Bob McNab ကမူ အစိုးရယန္တရားရပ်ဆိုင်းမှုကြောင့် လစာမရခြင်းမှာ စစ်ဘက်ဝန်ထမ်းများနှင့် ဖက်ဒရယ် အရပ်သားဝန်ထမ်းမျာကို ဖိစီးမှုများစေနိုင်ကြောင်း၊ လူတိုင်း၏ အနီးပတ်ဝန်းကျင်တွင် လစာမရသူများရှိနေကြောင်းနှင့် အထူးသဖြင့် မိသားစုရှိသည့် ငယ်ရွယ်သည့် ဝန်ထမ်းများအတွက် စိတ်ဖိစီးမှု ဖြစ်စေနိုင်ကြောင်းပြောကြားခဲ့သည်။
ထို့အပြင် McNab က ဒေသတွင်း သုံးစွဲသည့် ဆယ်ဒေါ်လာတိုင်းတွင် ခန့်မှန်းခြေ လေးဒေါ်လာသည် ဖက်ဒရယ်အစိုးရနှင့် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ဖြစ်စေ သက်ဆိုင်နေကြောင်း ပြောကြားခဲ့သည်။ အကယ်၍ ဝန်ထမ်းများသည် လစာမရခဲ့သည့်ကာလများအတွက် နောက်ကြောင်းပြန်လစာများ ရရှိခဲ့ပါကလည်း တစ်လကြာ အစိုးရယန္တရားရပ်ဆိုင်းမှု၏ စီးပွားရေးဆိုင်ရာထိခိုက်မှုသည် အနည်းဆုံး ဒေါ်လာတစ်ဘီလျံရှိနိုင်သည်ဟု ၎င်းက ပြောကြားခဲ့သည်။ သို့သော်လည်း အာမခံချက်မရှိသည့် အစိုးရ ကန်ထရိုက်တာများစွာမှာမူ နောက်ကြောင်းပြန်လစာ မရရှိနိုင်ခြင်းကြောင့် စီးပွားရေးဆိုင်ရာထိခိုက်မှုများသည် ပိုမိုမြင့်မားဖွယ်ရှိသည်။
”ကန်ထရိုက်တာတွေက အစိုးရယန္တရားရပ်ဆိုင်းနေတဲ့ကာလတွေအတွက် ငွေပြန်မရဘူးဆိုရင်၊ Shutdown က ငါးပတ် သို့မဟုတ် ပိုကြာမယ်ဆိုရင် ဖြစ်နိုင်ခြေရှိတဲ့ ဆုံးရှုံးမှုတွေဟာ ဘီလျံနဲ့ ချီတဲ့ ပမာဏဆီ ပြန်ရောက်သွားနိုင်ပါတယ်” ဟု McNab က ပြောကြားခဲ့သည်။
“အမှန်တကယ် ဂယက်ရိုက်ခတ်မှု ရှိပါတယ်”ဟု McNab က သုံးသပ်ခဲ့သည်။

◾ တစ်လ လစာ အလျဥ်မီအောင် မနည်းသုံးနေရသည့် အမေရိကန်အစိုးရဝန်ထမ်းများ
နော်ဖော့ခ်မြို့၏ Naval Station အပြင်ဘက်တွင် ၎င်းနှင့် ၎င်း၏ဇနီးတို့ ပိုင်ဆိုင်သည့် အဖိုးနှုန်းချိုသာ စားသောက်ဆိုင်ဖြစ်သည့် Kitchenfinity ပိုင်ရှင် Richard Maigue သည် Smashburger ကြော်သည့်အရေအတွက်ကို လျှော့ချထားပြီးဖြစ်သည်။ မကြာသေးမီက နေ့လယ်ခင်းတစ်ခုတွင် စစ်ယူနီဖောင်းဝတ်ထားသော အမေရိကန်စစ်ဘက်ဝန်ထမ်များနှင့် အရပ်သားစားသုံးသူများ ဆက်တိုက်ဆိုသလို နေ့လယ်စာအတွက် ဝင်ရောက်စားသောက်ခဲ့ကြသော်လည်း ဗုဒ္ဓဟူးနေ့တွင် လစာမရရှိပါက လုပ်ငန်းများ နှေးကွေးသွားမည်ကို Maigue က စိုးရိမ်နေသည်။
”သူတို့ လစာ တစ်လချင်းစီ အလျင်မမီဖြစ်နေသလား ကျွန်တော် မသိပါဘူး။ ဒါပေမယ့် သူတို့ ဖြတ်ကျော်ဖို့ ကြိုးစားနေကြတယ်ဆိုတာ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုလို့ ကျွန်တော် ထင်ပါတယ်” ဟု Maigue က ပြောကြားခဲ့သည်။
“လူတိုင်း စားဖို့လိုပါတယ်၊ ဒါပေမယ့် သူတို့က တစ်နေရာရာမှာ ချွေတာဖို့ ကြိုးစားနိုင်ပါတယ်”ဟု Maique က ဆက်လက်ပြောခဲ့သလို ခင်ပွန်းနှင့်အတူ နှစ်နစ်ကြာ စားသောက်ဆိုင်ကို ဖွင့်လှစ်ခဲ့သူ Maricen Corrales က အစိုးရယန္တရား ရပ်ဆိုင်းမှုကြောင့် အခက်အခဲများ ကြုံတွေ့နေရသည့် ၎င်း၏ ပုံမှန်ဖောက်သည်များအတွက် စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။ သို့သော် အစားအသောက်နှင့် အခြားပစ္စည်းများ၏ ဈေးနှုန်းမြင့်မားမှုအတွက် ကုန်ကျစရိတ် မြင့်မားနေပြီဖြစ်သည့် ၎င်း၏ ကိုယ်ပိုင်လုပ်ငန်းငယ်လေး၏ ကံကြမ္မာကိုလည်း သူမ စိုးရိမ်နေသည်။
”မနက်ဖြန်၊ ကျွန်မတို့ ဘယ်လိုရှင်သန်နိုင်မလဲ… ဖောက်သည်တွေ မလာရင်ပေါ့” ဟု သူမက ပြောသည်။ “ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ်၊ ကျွန်မတို့ တတ်နိုင်သရွေ့ အကောင်းဆုံး ဝန်ဆောင်မှုနဲ့ အစားအစာကို ဆက်လက် ပေးအပ်သွားမှာပါ”ဟု သူမက ဆက်လက် ပြောကြားခဲ့သည်။
◾ လစာမရတဲ့ စစ်ဘက်ဝန်ထမ်းများ စိတ်မပူရန် ထရမ့်ပ်ပြောကြား
ယခုလအစောပိုင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်က ရေတပ်၏ နှစ်ပေါင်း၂၅၀ ပြည့်နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုရန်အတွက် USS George H.W. Bush သင်္ဘောပေါ်ရှိ သင်္ဘောသားထောင်ပေါင်းများစွာအား မိန့်ခွန်းပြောကြားရန် ဒေသတွင်းသို့ သွားရောက်ခဲ့သည်။ ထရမ့်ပ်က တစ်နာရီကြာ မိန့်ခွန်းအတွင်း “ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေရဲ့ လစာကို တစ်ပြားမကျန် ရရှိစေရပါမယ်။ မစိုးရမ်ပါနဲ့။ စိတ်မပူပါနဲ့” ဟု ကတိတစ်ခု ပေးခဲ့သည်။
နောက်တစ်နေ့တွင်မူ စစ်မှုထမ်းမိသားစုများအတွက် အခမဲ့ရွေ့လျားအစားအသောက်ဘဏ်၌ တန်းစီစောင့်ဆိုင်းနေသူများကြားတွင် စိုးရိမ်ပူပန်မှုများစွာ ရှိခဲ့သည်။
မိသားစု၏ လစာကို ဤအပတ်တွင် မရပါက ခံနိုင်ရည်ရှိရန် ပြင်ဆင်နေသည့် Kady Frazier က “ကျွန်မတို့ နှစ်ပတ်တစ်ခါ လစာရပါတယ်။ ဒါကြောင့် အဲဒီနောက်မှာ လစာမရဘူးဆိုရင် တကယ့်ကို ဖိစီးမှုများတဲ့ အခြေအနေနဲ့ တကယ့်ကို ရုန်းကန်ရတဲ့ အခြေအနေ ဖြစ်လာနိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။
“ဒါက ဘာကြောင့် ဆက်ဖြစ်နေတာလဲ၊ ဘာကြောင့် အစိုးရကို ဆက်လက် လည်ပတ်ထားလို့ မရတာလဲဆိုတာကို ကျွန်မ တကယ် နားမလည်ပါဘူး”ဟုလည်း သူမက မေးခွန်းထုတ်ခဲ့သည်။
ထိုနည်းတူ ရေတပ်မှ နည်းပညာရှင်တစ်ဦးနှင့် လက်ထပ်ထားသူလည်းဖြစ်သည့် Frazier သည် အခမဲ့ Hunger Heroes ရွေ့လျားစျေးဆိုင် (အရှေ့တောင်ပိုင်း ဗာဂျီနီးယားနှင့် အရှေ့ပိုင်းကမ်းရိုးတန်း အစားအသောက်ဘဏ်၏ အစီအစဉ်) မှ အစားအသောက်ရယူရန် စောင့်ဆိုင်းနေစဉ် ၎င်း၏ကလေးများထဲမှ တစ်ဦးကို ပွေ့ချီထားသည်။ စီစဉ်သူများသည် အစိုးရယန္တရားလည်ပတ်မှု ကြာရှည်လာသည်နှင့်အမျှ လိုအပ်ချက် တိုးလာမည့်အတွက် ပြင်ဆင်နေကြသည်။
အခမဲ့အစားအသောက်ဘဏ်၏ ဆက်သွယ်ရေး ဒါရိုက်တာ Mallory Rackling က “အစိုးရ ယန္တရားရပ်ဆိုင်းမှုက ပိုကြာလာမယ်ဆိုရင် လိုအပ်ချက် ပိုများလာမယ်လို့ ကျွန်မတို့ သေချာပေါက် မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။ “၂၀၁၈ ခုနှစ် အစိုးရယန္တရား ရပ်ဆိုင်းမှု ၃၅ ရက်လောက် ကြာခဲ့တုန်းက ကျွန်မတို့ရဲ့ တန်းစီစောင့်ဆိုင်းသူတွေ သိသိသာသာ တိုးလာခဲ့ပါတယ်။ လူတော်တော်များများဟာ ပထမဆုံးအကြိမ် ကျွန်မတို့ဆီ ရောက်လာခဲ့ကြတာပါ”ဟု ပြောခဲ့သည်။
ထရမ့်ပ်အစိုးရအဖွဲ့၏ ပထမအကြိမ် သက်တမ်းအတွင်း အစိုးရယန္တရား နှစ်ကြိမ်ရပ်တန့်ခဲ့ရာ တစ်လကျော်ကြာခဲ့သည့် အစိုးရယန္တရား ဒုတိယအကြိမ် ရပ်ဆိုင်းမှုသည် စစ်မှုထမ်းမိသားစုများစွာ၏ စိတ်ထဲတွင် စွဲထင်ကျန်ရစ်နေဆဲဖြစ်သည်။ Bailey သည် ဟင်းသီးဟင်းရွက်၊ ကြက်သားနှင့် ကြက်ဥများအတွက် သူမ၏အလှည့်ကို စောင့်ဆိုင်းနေစဉ်တွင် ၎င်းတို့မိသားစု၏ လစာ ထပ်မံလွဲချော်မည့် နေ့ရက်များကို ရေတွက်နေရသည့်အတွက် ထိုကာလကို ရုတ်တရက် ပြန်လည်ခံစားနေရကြောင်း ပြောကြားခဲ့သည်။
”အရမ်း ဖိစီးခဲ့ပါတယ်” ဟု Bailey က ပြောကြားခဲ့သည်။ “ဒီတစ်ခါတော့ အဲဒီလောက် ရက်များများအထိ မဖြစ်ပါစေနဲ့လို့ ဆုတောင်းပါတယ်”ဟုလည်း သူမက ပူပန်စွာ ပြောကြားခဲ့သည်။
Ref, CNN
