နေမိုး
၁၂. ၁၀. ၂၀၂၅
စဉ့်ကူးမြို့နယ်၊ လက်ပန်လှရွာက နေအိမ်တစ်အိမ်ကို MDY PDF တွေက Starlink ၀င်ဖြုတ်ရာက နေအိမ်ပိုင်ရှင်မိသားစုနဲ့ အချင်းများခဲ့တဲ့ဖြစ်စဥ်မှာ PDF တွေက အိမ်မီးရှို့မယ် ခြိမ်းခြောက်ခဲ့သလို မိသားစု၀င်တွေကိုပါ ဖမ်းဆီးသွားတဲ့ ပြည်သူကို အနိုင်ကျင့်မှု ဖြစ်စဉ်အပေါ် လူမှုကွန်ရက်မှာ ဝေဖန်ခံနေရပေမယ့် ပြည်သူမိသားစုကို အရေးယူမယ်လို့ အခု ကြေညာလာပါတယ်။

ဒီဖြစ်စဥ်မှာ လက်နက်အပြည့်အစုံနဲ့ လူ ၁၂ ဦးပါတဲ့ MDY PDF တွေဟာ Starlink တပ်ဆင်ထားတဲ့နေအိမ်ကို တရားမဝင်တပ်တယ်လို့ စွပ်စွဲပြီး အရင်က သိန်းရာချီနဲ့ PDF တွေကပဲ ရောင်းထားတဲ့ Starlink စက်ကို ပြန်ဖြုတ်ရာမှာ နေအိမ်ပိုင်ရှင်က Starlink က အိမ်တိုင်းမှာရှိကြောင်းနဲ့ သူ့အိမ်ကိုပဲ ဖြုတ်တဲ့ အနိုင်ကျင့်လုပ်ရပ်အပေါ် မေးခွန်းထုတ်ရာမှာ MDY PDF တစ်ဦးက နေအိမ်ပိုင်ရှင်ရဲ့ သမီးကို ကိုယ်ထိလက်ရောက် ဆွဲလားရမ်းလားလုပ် ဖမ်းဆီးတာပါ။ သမီးဖြစ်သူကို PDF အမျိုးသားက ကိုယ်ထိလက်ရောက်ဖမ်းဆီးနေလို့ ဖခင်လို့ယူဆရသူက ဝင်တားရာမှာတော့ ဖခင်ကို ဖမ်းဖို့လုပ်ပြီး ကတောက်ကဆ အချင်းများရာက ပါလာသူ PDF အမျိုးသမီးတစ်ဦးက အခြေအနေထိန်းပြီး ပြန်ထွက်သွားတဲ့အချိန် MDY PDF တစ်ဦးက တစ်အိမ်လုံး မီးရှို့မယ်လို့ ခြိမ်းခြောက်တာကို မိသားစု၀င်တစ်ဦး ကြားလိုက်တာကနေ ချက်ချင်းလာရှို့လို့ ထပ်မံတုန့်ပြန်ချိန် လက်နက်မဲ့ ပြည်သူမိသားစုကို MDY PDF တွေက ကားပေါ်ဆွဲတင် ဖမ်းဆီးကြတာပါ။

ဒီဖြစ်ရပ်အပေါ် လက်နက်အားကိုးနဲ့ စစ်အာဏာရှင်ဆန်တဲ့လုပ်ရပ်လို့ ဝိုင်းဝန်းရှုတ်ချနေပေမဲ့ MDY PDF ရဲ့ စဉ့်ကူးမြို့နယ် အရေးပေါ် အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ရာမှာတော့ ဒီဖြစ်စဥ်က အောက်တိုဘာ ၁၁ ရက်က ဖြစ်ခဲ့တာဖြစ်ကြောင်း၊ MDY PDF ၁၂ ဦးက ကနဦးမှာ ကောင်းကောင်းမွန်မွန်ပြောလို့ သတိပေးမှုသာ လုပ်မှာဖြစ်ကြောင်းနဲ့ နေအိမ်ပိုင်ရှင်ကို အရေးယူမှာဖြစ်ကြောင်း ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
