၁၁.၁၀.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ တန်နက်ဆီပြည်နယ်အတွင်းမှာရှိတဲ့ စစ်တပ်ဖောက်ခွဲရေးပစ္စည်းစက်ရုံတစ်ရုံမှာ အောက်တိုဘာလ ၁၀ ရက်က ပြင်းထန်တဲ့ အစုလိုက်အပြုံလိုက် ပေါက်ကွဲမှုတစ်ရပ်ဖြစ်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောခဲ့ကြပါတယ်။ ပေါက်ကွဲမှုက ဘယ်လောက်ပြင်းထန်သလဲဆိုရင် မိုင်နဲ့ချီဝေးတဲ့ နေရာက အိမ်တွေတောင် ပေါက်ကွဲမှုကြောင့် တုန်ခါသွားကြရတယ်လို့ သူတို့က ပြောခဲ့ပါတယ်။
စစ်ဘက်နဲ့ ဖြိုခွင်းရေး ဖောက်ခွဲပစ္စည်းတွေ ထုတ်လုပ်တဲ့ Accurate Energetic Systems စက်ရုံမှာ နံနက်အစောပိုင်းမှာ ပေါက်ကွဲမှုက နေရာအနှံ့မှာ မီးလောင်ကျွမ်းနေတဲ့ အပျက်အစီးတွေနဲ့ ရုပ်ပျက်ဆင်းပျက် ပျက်စီးနေတဲ့ ကားတွေကို ဖြစ်စေခဲ့ပါတယ်။ ပေါက်ကွဲမှုကို ၁၅ မိုင်အကွာအဝေးအထိ ခံစားခဲ့ရပြီး စတုရန်းမိုင်ဝက်အတွင်းမှာ အပျက်အစီးတွေ ပြန့်ကျဲသွားခဲ့ပါတယ်။


ဟမ်းဖရေးစ်ခရိုင် ရဲအရာရှိ ခရစ်ဒေးဗစ်က ပေါက်ကွဲမှုမှာ အသေအပျောက်တွေရှိမယ်လို့ ပြောခဲ့ပေမယ့် သေဆုံးသူစာရင်းကိုတော့ မကြေညာသေးပါဘူး။
တာဝန်ရှိသူတွေက လူ ၁၉ ဦး ပျောက်ဆုံးနေတယ်လို့ အစောပိုင်းမှာ ပြောကြားခဲ့ကြပေမယ့် နောက်ပိုင်းမှာ ဒီထဲက လူတစ်ဦးက သူ့နေအိမ်မှာရှိနေခဲ့တာကို တွေ့ရတယ်လို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။ စုံထောက်တွေက အောက်တိုဘာလ ၁၀ ရက်နံနက်မှာ ဆေးရုံမှာ ရှိနေတာဘယ်သူလဲဆိုတာအတည်ပြုဖို့ရယ်၊ သူတို့ရဲ့ မိသားစုတွေကို အကြောင်းကြားဖို့ရယ် လုပ်ဆောင်နေတယ်လို့ ဟစ်မန်းနဲ့ ဟမ်းဖရေးစ်ခရိုင်တွေက တာဝန်ရှိသူတွေက အောက်တိုဘာလ ၁၀ ရက်ညမှာ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဒေးဗစ်က ပေါက်ကွဲမှုရဲ့နောက်ဆက်တွဲမြင်ရတဲ့ဖြစ်ရပ်ကို “ကျွန်တော့်အသက်မွေးဝမ်းကြောင်းမှာတော့ မြင်ဖူးသမျှ အဆိုးဆုံးမြင်ကွင်းပါပဲ။ ဒါက တကယ်တော့ ငရဲပါပဲ။ ပတ်သက်သူတိုင်းအတွက်တော့ ငရဲပါပဲ” လို့ ပြောခဲ့ပါတယ်။
အေဂျင်စီများစွာမှ စုံစမ်းရေးမှူးတွေက တုံ့ပြန်မှုကို အကူအညီပေးနေပေမယ့် ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်းကို မဆုံးဖြတ်နိုင်သေးဘဲ ပြည်ထောင်စုစုံစမ်း စစ်ဆေးရေးဗျူရို(FBI) ကလည်း အကူအညီပေးသွားမှာဖြစ်တယ်လို့ ဒေးဗစ်က ပြောခဲ့ပါတယ်။
ပေါက်ကွဲမှုမှာ သုံးဦးကတော့ အသေးအမွှားဒဏ်ရာလေးတွေသာရခဲ့ပြီး ဒစ်ဆင်မြို့ရှိ TriStar ဆေးဘက်ဆိုင်ရာ အဆောက်အအုံတွေမှာ ကုသပေးခဲ့တယ်လို့ TriStar Health ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကာစီးစတပ်က ပြောကြားခဲ့ပါတယ်။ သူတို့ထဲက လူနှစ်ဦးက ဆေးရုံမှဆင်းသွားကြပြီး တစ်ဦးကတော့ အရေးပေါ် ခန်းမှာ ကုသမှု ခံယူနေရဆဲဖြစ်တယ်လို့ စတပ်က ဆက်လက်ပြောကြားခဲ့ပါတယ်။

စစ်ဘက်ဆိုင်ရာ ဖောက်ခွဲရေးပစ္စည်းတွေ ထုတ်လုပ်ရေးမှာ အထူးပြုတဲ့ Accurate Energetic Systems စက်ရုံကုမ္ပဏီဟာ ဟစ်မန်းနဲ့ ဟမ်းဖရေးစ် ခရိုင်နှစ်ခုရဲ့ နယ်နိမိတ်မျဉ်းပေါ်မှာရှိနေတာပါ။ တန်နက်ဆီပြည်နယ်၊ နက်ရှ်ဗီလီမြို့ရဲ့ အနောက် တောင်ဘက် ကားနဲ့သွားရင် တစ်နာရီခန့်ကြာတဲ့နေရာမှာ တည်ရှိတယ်လို့ ဟမ်းဖရေးစ်ခရိုင် ရဲအရာရှိရုံးက CNN သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ကုမ္ပဏီရဲ့ လူမှုကွန်ရက် Facebook စာမျက်နှာမှာ ကုမ္ပဏီအနေနဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနနဲ့ အမေရိကန် စက်မှုစျေးကွက်တွေအတွက် ပေါက်ကွဲအားမြင့်မားတဲ့ ပေါင်းစပ်ဖွဲ့စည်းမှုတွေနဲ့ အထူးထုတ်ကုန်အမျိုးမျိုးကို ထုတ်လုပ်တယ်လို့ ဖော်ပြထားပါတယ်။ စက်တင်ဘာလကပဲ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက TNT ဝယ်ယူမှုအတွက် ဒေါ်လာသန်း ၁၂၀ နီးပါးတန် စာချုပ်ကို Accurate Energetic Systems နဲ့ ချုပ်ဆိုခဲ့သေးတာပါ။
စုံစမ်းစစ်ဆေးမှုက ရက်ပေါင်းများစွာကြာနိုင်တယ်လို့ ဟစ်မန်းမြို့တော်ဝန် ဂျင်ဘိတ်စ် က ပြောခဲ့ပါတယ်။ သူက စက်ရုံမှာ ဝန်ထမ်း ၈၀ ဦး ခန့်ရှိပေမယ် ပေါက်ကွဲမှုဖြစ်ပွားချိန်မှာ အလုပ်သမား ဘယ်လောက် စက်ရုံမှာရှိနေတယ်ဆိုတာ ရှင်းရှင်း လင်းလင်းမသိရသေးဘူးလို့ ဆိုပါတယ်။ သူက ပေါက်ကွဲမှုမှာ အဆိုပါနေရာရှိ အဆောက်အအုံတစ်ခု လုံးဝပျက်စီးသွားတဲ့အထိ မြင်ကွင်းက တော်တော်စိတ်ပျက်စရာကောင်းတယ်လို့ ပြောခဲ့ပါတယ်။
Ref- CNN
