နေမိုး
၁၀. ၁၀. ၂၀၂၅
အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာရရှိစေရန်နှင့် အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်ရာ ယခုလည်း နွားထိုးကြီးမြို့နယ်တွင် PDF များက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ကလေးငယ်တစ်ဦး သေဆုံးကာ သံဃာတော် တစ်ပါး အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ လေးဦး ထိခိုက်ဒဏ်ရာရမှုဖြစ်ပွားခဲ့သည်။


ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၈ ရက် မွန်းလွဲ ၁ နာရီ ၃၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ မိုင်း ပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် သေဆုံး/ဒဏ်ရာရရှိသူများ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးပြီး ဖြစ်စဉ်အား စိစစ်ခဲ့ရာ ထိုနေ့ နံနက် ၈ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ မကျီးကုန်းကျေးရွာရှိ မကျီးတောရဘုန်းကြီးကျောင်း ဆရာတော် ဥူးရေဝရ သက်တော် (၃၃)နှစ်၊ ဝါတော်(၅)ဝါသည် နွားထိုးကြီးမြို့နယ်၊ အမန်းကုန်းကျေးရွာနေသူများဖြစ်ကြသည့် မမိုးသူဇာ(၅)နှစ်၊ မောင်စည်သူအောင်(၁၄)နှစ်၊ မဖြူဖြူ(၂၄)နှစ်၊ မဖြူနှင်းဖွေး(၁၄)နှစ်တို့နှင့်အတူ ရှိနေစဉ် PDF အဖွဲ့က အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် မမိုးသူဇာတွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာရရှိကာ သေဆုံးသွားခဲ့ပြီး ဆရာတော် ဥူးရေဝရပါ လေးဦးတို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်/ကျေးရွာ များအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်နေမှုများကြောင့် သံဃာတော်တစ်ပါးနှင့် အပြစ်မဲ့ အရပ်သား ပြည်သူများ သေဆုံး/ထိခိုက်ဒဏ်ရာရရှိခဲ့အပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်း များကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
