နေမိုး
၁၀. ၁၀. ၂၀၂၅
ကမ္ဘာ့အမွေအနှစ် ပုဂံညောင်ဦးဒေသတွင် ထကြွနေသော PDF များက ဇနီးမောင်နှံနှစ်ဦးကို ဒလန်ဟု စွပ်စွဲကာပစ်သတ်၍ နှစ်လောင်းပြိုင်သေဆုံးခဲ့မှုဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၈ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ လက်ပန်တဲကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၁၀ နာရီ ၂၀ မိနစ်တွင် အဆိုပါ ကျေးရွာနေ ဦးဟိန်းကိုကိုဦး(၃၃)နှစ်သည် ၎င်း၏ဇနီးဖြစ်သူ ဒေါ်မသိန်းဆွေ(၂၉)နှစ်နှင့်အတူ နေအိမ်၌ရှိနေစဉ် PDF ငါးဦး(စိစစ်ဆဲ)က ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး “သတင်းပေး/ဒလန်” ဟု ပြောဆိုကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုနှစ် ဇန်နဝါရီ ၅ ရက်တွင် ညောင်ဦးပကဖအဖွဲ့ ပုဂံပြည်ဘီလူးတပ်မှ PDF များက ကမ္ဘာ့ယဥ်ကျေးမှုအမွေအနှစ်ဒေသဖြစ်သော ပုဂံညောင်ဦးဒေသအတွင်း NUG ခိုင်းစေချက်နှင့်အညီ စစ်ဆင်ရေးလုပ်ဆောင်မည်ဟုကြေညာကာ ပြီးခဲ့သည့် ဇန်နဝါရီမှ ဇွန်လအတွင်း လက်နက်မဲ့ပြည်သူများစွာကို သတ်ဖြတ်လုယက်ခြင်းနှင့် ဆယ်တန်းပြန်ဖြေမည့် ကျောင်းသားကျောင်းသူကိုးဦးနှင့် မိသားစုများကို တပ်မတော်က စောင့်ရှောက်ပေးထားသည့်ကြားမှ ပြန်မဖြေအောင် ခြိမ်းခြောက်မှုပြုသည့်အဆုံး ဇွန်လ ၃၀ ရက်မှ ဇူလိုင် ၂ ရက်အထိ တပ်မတော်က စစ်ကြောင်းထိုးရှင်းလင်းရာ PDF ၁၁ ဦး သေဆုံးသွားပြီးနောက် ယခုအချိန်တွင် လက်နက်မဲ့ပြည်သူများကို “သတင်းပေး/ဒလန်”ဟု စွပ်စွဲကာ လိုက်လံလက်တုံ့ပြန် ဖမ်းဆီးသတ်ဖြတ်မှုများ ပိုမိုဖြစ်ပွားနေပြီး ဇူလိုင်လမှ ယခု အောက်တိုဘာ ၈ ရက်အထိ ပုဂံညောင်ဦးဒေသတွင် PDF များက လက်နက်မဲ့ပြည်သူ ၂၀ ဦးထက်မနည်း သတ်ဖြတ်ထားသည်။
