◾️ အောက်တိုဘာ ၁၅ ရက်မှစတင်၍ ဝန်ဆောင်ခနှင့် ပို့ကုန်သွင်းကုန်ဆိုင်ရာ နှုန်းထားများအား ပြောင်းလဲကောက်ခံသွားမည်
၉. ၁၀. ၂၀၂၅
Written by Nyein Kyaw
ပို့ကုန်သွင်းကုန်လိုင်စင် ပြင်ဆင်လျှောက်ထားခြင်းကို ဆိပ်ကမ်းနှင့် လေဆိပ်များသို့ ရောက်ရှိမလာမီကြိုတင် တင်ပြလျှောက်ထားရမည်ဖြစ်ပြီး သက်တမ်း ၁၄ ရက် ကျော်လွန်သည့် လိုင်စင်များကို လိုင်စင်အပ်နှံ ပြန်လည်လျှောက်ထားခြင်း ခွင့်မပြုကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အောက်တိုဘာ ၈ ရက်နေ့ ရက်စွဲပါ ပို့ကုန်သွင်းကုန်နှင့် ပတ်သက်သည့်သတင်းလွှာ (၆/၂၀၂၅) ဖြင့် ထုတ်ပြန်ထားသည်။


ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် Myanmar Tradenet 2.0 စနစ်အပါအဝင် အွန်လိုင်းစနစ်အားလုံးတွင် ကောက်ခံလျက်ရှိသော ကုန်သွယ်မှုဆိုင်ရာဝန်ဆောင်ခ နှုန်းထားများအား ပြင်ဆင်ကောက်ခံခြင်းကို ပို့ကုန်သွင်းကုန်နှင့် ပတ်သက်သောသတင်းလွှာ (၅/၂၀၁၈) နှင့် (၁၈/၂၀၂၀) ဖြင့် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ပို့ကုန်သွင်းကုန်နှင့် ပတ်သက်သောသတင်းလွှာများအရ ကောက်ခံလျက်ရှိသည့် ဝန်ဆောင်ခနှုန်းထားများနှင့် ပို့ကုန်သွင်းကုန်ဆိုင်ရာနှုန်းထားများအား အောက်ပါအတိုင်း ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
Tradenet 2.0 စနစ်အသုံးပြုမှု နှစ်စဉ်ကြေး (Member Fee) ၅၀,၀၀၀ ကျပ်၊ အွန်လိုင်းဝန်ဆောင်မှု (Online Application Fee) ၁၀,၀၀၀ ကျပ်၊ ပို့ကုန်လိုင်စင်သက်တမ်းတိုးမြှင့်ကြေး ပထမအကြိမ် သက်တမ်းတိုးနှစ်လအတွက် ၅၀,၀၀၀ ကျပ်၊ ဒုတိယအကြိမ် သက်တမ်းတိုး တစ်လအတွက် ၃၀,၀၀၀ ကျပ်ဖြစ်သည်။
ပို့ကုန်သွင်းကုန်လိုင်စင်ပါအချက်အလက်များအား ပြင်ဆင်ပါက ပြင်ဆင်ချက်တစ်ချက်လျှင် ၁၀,၀၀၀ ကျပ်၊ ပို့ကုန်သွင်းကုန်လိုင်စင်အပ်နှံကြေး ၃၀,၀၀၀ ကျပ်၊ ပထမအကြိမ်နှင့် ဒုတိယအကြိမ် ပို့ကုန်သွင်းကုန်လိုင်စင်/ပါမစ် သက်တမ်းတိုးခြင်း၊ ပြင်ဆင်ခြင်းဒဏ်ကြေး သက်တမ်းကုန်ဆုံးသည့်ရက်မှစ၍ တစ်လအတွင်း ၅,၀၀၀ ကျပ်၊ သက်တမ်းကုန်ဆုံးသည့်ရက်မှစ၍ တစ်လနှင့်အထက် ၁၀,၀၀၀ ကျပ်ဖြစ်ကြောင်း ဖော်ပြထားသည်။
လိုင်စင်အပ်နှံ၍ ပြန်လည်လျှောက်ထားခြင်းအတွက် သက်တမ်းကုန်ဆုံးပြီး ၁၄ ရက်ကျော်လွန် လျှောက်ထားမှုများကို ဆောင်ရွက်ပေးမည်မဟုတ်ကြောင်းနှင့် လိုင်စင်ပြင်ဆင်ခွင့် လျှောက်ထားခြင်းများကို မြန်မာနိုင်ငံဆိပ်ကမ်းနှင့် လေဆိပ်များသို့ ရောက်ရှိမလာမီ ကြိုတင်တင်ပြ လျှောက်ထားရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
သို့ဖြစ်ပါ၍ နိုင်ငံတော်သို့ ပေးသွင်းရန်သတ်မှတ်ထားသည့် ပြောင်းလဲပြင်ဆင် ကောက်ခံမည့် ဝန်ဆောင်ခနှုန်းထားများကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်မှစ၍ ပေးသွင်းရန်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

