၉. ၁၀. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ ဆယ်ကျော်သက် မိန်းကလေးငယ်တစ်ဦးကို အတန်းဖော်များက သူမတွင် HIV ရောဂါ ကူးစက်ခံနေရကြောင်းနှင့် ကျောင်းလုံခြုံရေးဝန်ထမ်းတစ်ဦး၏ အဓမ္မပြုကျင့်ခံရမှု၏ သားကောင်ဖြစ်ခဲ့ကြောင်း စွပ်စွဲခဲ့ကြသော ကောလာဟလများ ပျံ့နှံ့ခဲ့ပြီးနောက် ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြိုးပမ်းခဲ့ရာမှ ပြန်လည်သက်သာလာပြီ ဖြစ်သည်။
ကျောင်းလုံခြုံရေးဝန်ထမ်းက အဓမ္မကျင့်ရန် ကြိုးပမ်းခံရသော သမီးဖြစ်သူအတွက် တရားမျှတမှုရရှိစေရန် ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများက ဆောင်ရွက်ပေးမည် မဟုတ်ဟု စိုးရိမ်သော မိခင်ဖြစ်သူသည် Pavena Foundation for Children and Women ထံမှ အကူအညီများ တောင်းခံခဲ့သည်။
မိခင်ဖြစ်သူ ပြောကြားမှုအရ ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်နေ့တွင် မိန်းကလေးငယ်သည် မိမိကိုယ်ကိုယ် သတ်သေရန်အတွက် အိမ်သာဆေးရည်ကို သောက်ခဲ့ကြောင်း၊ သို့သော် အဘွားဖြစ်သူက သတိထားမိပြီး ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်နိုင်ခဲ့ကြောင်း ဖွင့်ဟခဲ့သည်။ ကျောင်းသူသည် အခြေအနေ စိုးရိမ်ရသဖြင့် အထူးကြပ်မတ်ကုသဆောင် (ICU) တွင် ရှစ်ရက်ကြာ ကုသမှု ခံယူခဲ့ရသည်။
သူမ၏ ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြိုးပမ်းမှုသည် စက်တင်ဘာလ ၂၇ ရက်နေ့က အသက် ၄၀ အရွယ် ကျောင်းလုံခြုံရေးဝန်ထမ်း၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှုနှင့် အတန်းဖော်များ၏ အနိုင်ကျင့်မှု အပြုအမူများကြောင့် ဖြစ်သည်။
ကျောင်းသူ၏ အမည်နှင့် ကျောင်းကို ဖော်ပြထားခြင်းမရှိသည့် အထက်ပါဖြစ်စဉ်အပေါ် မိခင်၏ ပြောကြားချက်အရ မိန်းကလေးငယ်သည် သူမ၏ အဆင့်များ တိုးတက်စေရန်အတွက် ဆရာက စီစဉ်ပေးသော အစည်းအဝေးတစ်ခုသို့ တက်ရောက်ရန် စနေ၊ တနင်္ဂနွေနေ့က ကျောင်းသို့ သွားရောက်ခဲ့သည်။ သူမ ကျောင်းရောက်သော်လည်း ဆရာမှာ ရောက်မလာခဲ့ပေ။ ထို့နောက် အိမ်သို့ ပြန်ရန်အတွက် အငှားယာဉ် ခေါ်ယူသည့် အက်ပ်ကို အသုံးပြု၍ တက္ကစီကို ခေါ်ခဲ့သည်။
တက္ကစီကို စောင့်ဆိုင်းနေစဉ် လုံခြုံရေးဝန်ထမ်းက သူ့၏ ဂိတ်စောင့်ခန်း (Booth) အတွင်း ဝင်ရောက်စောင့်ဆိုင်းရန်ပြောခဲ့ရာ မိန်းကလေးက သဘောတူခဲ့သည်။ ကံမကောင်းစွာဖြင့် ထိုလုံခြုံရေးဝန်ထမ်းသည် သူမကို လိင်ပိုင်းဆိုင်ရာ စော်ကားရန် ကြိုးပမ်းခဲ့ပြီး အဓမ္မပြုကျင့်ရန် ကြိုးပမ်းခဲ့သော်လည်း မိန်းကလေးမှာ ထွက်ပြေးနိုင်ခဲ့သည်။
လုံခြုံရေးဝန်ထမ်းက သူမနောက်သို့ လိုက်ခဲ့သော်လည်း CCTV ကင်မရာများ ဖမ်းယူနိုင်သည့် နေရာသို့ သူမ ရောက်ရှိသွားသောကြောင့် ဝန်ထမ်းသည် သူ၏ ကြိုးပမ်းမှုကို လက်လျှော့ခဲ့ရသည်။
ကျောင်းလုံခြုံရေး၏ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုအပြင် မိန်းကလေးသည် ကျောင်းတွင်လည်း အနိုင်ကျင့်ခံရမှုနှင့် ရင်ဆိုင်ခဲ့ရသည်။ သူမ၏ အတန်းဖော်များက သူမ၏ ပုံကို လူမှုမီဒီယာပေါ်တွင် တင်ကာ HIV ရောဂါ ကူးစက်ခံရပြီး ဆီးပူညောင်းကျရောဂါ ခံစားနေရသည်ဟု မှားယွင်းသော သတင်းများ ဖြန့်ဝေခဲ့ကြသည်။
မိခင်ဖြစ်သူသည် အောက်တိုဘာလ ၃ ရက်နေ့တွင် ကန်နာယောင်းရဲစခန်း၌ လုံခြုံရေးဝန်ထမ်းကို အမှုဖွင့် တိုင်ကြားခဲ့ပြီးသော်လည်း ကျောင်း၏ လုံခြုံရေးဝန်ထမ်း ရွေးချယ်မှု လုပ်ငန်းစဉ်နှင့်ပတ်သက်၍ အသိပညာမြှင့်တင်ရန်အတွက် ဖောင်ဒေးရှင်းမှ ထပ်မံ အကူအညီတောင်းခံခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ကျောင်းတွင် အနိုင်ကျင့်မှုများအပေါ် နောက်ထပ် စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန်နှင့် ဖြေရှင်းချက် ရှာဖွေပေးရန်လည်း သူမက လိုလားခဲ့သည်။ သူမ၏ သမီးသည် ယခင်ကပင် ဆရာ၊ ဆရာမများထံ အဆိုပါ ကိစ္စကို တင်ပြခဲ့သော်လည်း မည်သည့် အရေးယူဆောင်ရွက်မှုမျှ မပြုလုပ်ခဲ့ပေ။ ကျောင်းတွင်း အနိုင်ကျင့်မှုသည် ကလေးများအတွက် အလွန်အရေးကြီးသော ကိစ္စ ဖြစ်ကြောင်း မိခင်ဖြစ်သူက အလေးအနက် ပြောကြားခဲ့သည်။
Pavena ဖောင်ဒေးရှင်းသည် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ မိန်းကလေးအတွက် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေး၊ ကျောင်းပြောင်းရွှေ့မှု စီစဉ်ပေးခြင်းနှင့် ဥပဒေဖြင့် အမှု ဆက်လက်ဆောင်ရွက်ခြင်း အပါအဝင် အကူအညီများ ဆက်လက်ပေးအပ်သွားမည် ဖြစ်သည်။
Ref, The Thaiger


